Wednesday, March 19, 2008

ပုန်းအောင်းနေသည့် ဗကသ ခေါင်းဆောင် (၂) ဦး ဖမ်းဆီးခံရ


ခေတ်ပြိုင်-ပီတာအောင်/ ၁၈ မတ် ၂၀၀၈

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ခေါင်းဆောင် ကိုကျော်ကိုကိုနှင့် ကိုဉာဏ်လင်းအောင် တို့ကို နအဖစစ်အစိုးရအာဏာပိုင်များက ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ဖမ်းဆီးလိုက်ကြောင်း ဗကသ နိုင်ငံခြားရေးရာကော်မတ်ီက ကြေညာသည်။ ဗကသ နိုင်ငံခြားရေးရာကော်မတီ တာဝန်ခံ ကိုမင်းနိုင် က “ (၁၆) ၇က်နေ့ ညပိုင်းမှာ ကိုကျော်ကိုကို ကို သူပုန်းနေတဲ့အိမ်မှာ ၀င်ဖမ်းသွားတယ်။ ကိုဉာဏ်လင်းအောင်ကို အရင်မိတာ။ ဘယ်ကိုဖမ်း သွားတာလဲတော့ အတိအကျမသိရသေးဘူး။ နအဖက သူတို့ကို တောက်လျှောက်လိုက်ပြီးတော့ ဖမ်းဖို့ကြိုးစားခဲ့တယ်။ သူတို့ အဖမ်းမခံရဘဲ တိမ်းရှောင်နိုင်ခဲ့တယ်။ (၁၆) ရက်နေ့မှာတော့ အဖမ်းခံလိုက်ရတယ်” ဟု ပြောသည်။

ကိုကျော်ကိုကိုသည် စီးပွားရေးတက္ကသိုလ်မဟာဘွဲ့ ကျောင်းသားတဦးဖြစ်ပြီး ကိုဉာဏ်လင်းအောင်မှာ စီးပွားရေး တက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားဖြစ်သည်။ ၎င်းတို့သည် ယမန်နှစ် သြဂုတ်က ပြင်ဆင်ဖွဲ့စည်းလိုက်သည့် ဗကသအဖွဲ့တွင် ခေါင်းဆောင်များအဖြစ် တာဝန်ယူ ထားပြီး စက်တင်ဘာအရေးအခင်းတွင် တက်ကြွစွာပါဝင်ခဲ့သူများ ဖြစ်သည်။

ကျောင်းသားအင်အားစုများကို ဖမ်းဆီးထောင်ချရုံဖြင့် ကျောင်းသားလှုပ်ရှားမှု ရပ်တန့်သွားမည် မဟုတ်ဘဲ မတရားသည့် စစ်အာဏာရှင်များကို ဆက်လက်ဆန့်ကျင် တိုက်ပွဲဝင်သွားမည်ဟု ဗကသ နိုင်ငံခြားရေးရာကော်မတီက ကြေညာချက်ထုတ်ပြန်သည်။

ကိုမင်းနိုင်က “နအဖစစ်အုပ်စုကတော့ သူ့အာဏာကို ထိပါးမယ်ထင်လို့ရှိရင် ဘယ်သူ့ကိုမှ ညှာတာမှာမဟုတ်ဘူး။ ဖမ်းဖို့ဆီးဖို့ အမြဲတမ်းကြိုးစားနေမှာပဲ။ ဒါပေမယ့် ဘယ်လိုပဲ ကြိုးစား ကြိုးစား လူငယ်မျိုးဆက်ဆိုတာ အဆက်ပြတ်သွားတာမဟုတ်ဘူး။ ကျောင်းသားမျိုးဆက်ဆိုတာ ဆက်ပြီးရှိနေဦးမှာပဲ။ တဗိုလ်ကျတဗိုလ်တက်ပေါ့။ လက်ဆင့်ကမ်းပြီး ဒီတာဝန်ကို ဆက်ပြီးယူသွားကြမှာပဲ” ဟု ပြောသည်။

စစ်အာဏာပိုင်များသည် နိုင်ငံရေးအကျဉ်းသားများကို နှိပ်စက်ညှဉ်းပန်းရာ၌ နာမည်ကြီးပြီး ဖမ်းဆီးပြီးနောက် စစ်ကြောရေးကာလတွင် အဆိုးရွားဆုံးဆက်ဆံလေ့ရှိသဖြင့် ဖမ်းဆီးခံရသည့် ကျောင်းသားခေါင်းဆောင်နှစ်ဦးအတွက် အလွန်အမင်းစိုးရိမ်ပူပန်မိကြောင်း နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ယနေ့ ထုတ်ပြန်ကြေညာသည်။ ။

0 comments: