Saturday, March 15, 2008

မျိုးဆက်ကွာဟမှု


ဒီ ခေတ်မှာ ‘မျိုးဆက်ကွာဟမှု_’ ဆိုတဲ့ စကား တော်တော်ခံတွင်းတွေ့နေကြပါတယ်၊ ဘာကိစ္စမျိုးပဲ တွေ့လိုက် တွေ့လိုက် မျိုးဆက်ကွာဟမှုကြောင့်ဆိုပြီး ကောက်ချက်ဆွဲလိုက်ကြတာပဲ၊ စာပေယဉ်ကျေးမှုအနုပညာ အကြိုက်ချင်းမတူတဲ့ ကိစ္စပြောလည်း မျိုးဆက်ကွာဟမှုလို့ခပ်လွယ်လွယ် ကောက်ချက်ဆွဲလိုက်ကြတာပဲ၊
တကယ်တော့ ဒါဟာ ပြဿနာတရပ်ကို လက်တွေ့ကျကျ အဖြေမရှာချင်သူများရဲ့ ‘ဆင်ဝှေုရန်ရှောင်’စကားဖြစ်တယ်၊ ကိစ္စတိုင်းဟာ မျိုးဆက်ကွာဟမှုကြောင့် ပေါ်ထွက်ရတာလို့ချည်း ဆိုလို့မရပါဘူး၊ အသက်ကြီးပေမယ့် အတွေးအခေါ်အရ ခေတ်ရှေ့တောင်ပြေးနေသေးတဲ့ လူကြီးတွေရှိသလို။အသက်ငယ်ပေမယ့် ကျောက်ခေတ်က အယူအဆမျိုးတွေကိုသက်ဝင်ယုံကြည်နေဆဲ လူငယ်တွေလည်း အများကြီးရှိပါတယ်၊ကိုယ့်တွေ့ကိစ္စတခုကို ပြောပြပါမယ်၊ အသိမိတ်ဆွေဆရာဝန်ကြီးတဦးရှိခဲ့ပါတယ်၊ ကွယ်လွန်တာတောင် အတော်ကြာသွားခဲ့ပြီ၊ အသက်(၈၀)ကျော်မှာ ဆုံးသွားတာပါ၊ ဆရာဝန်ကြီးက အသက်ကြီးလို့ဆေးကုတဲ့အလုပ် မလုပ်တော့ဘဲအနားယူခဲ့ပေမယ့် ဆေးပညာနဲ့ သိပ္ပံဆိုင်ရာ စာအုပ်တွေတော့မပြတ်အောင်ဖတ်ပါတယ်၊

လူငယ်လူရွယ်တွေ။ တပည့်တပမ်းတွေလာကြတိုင်းနောက်ဆုံးပေါ် ဆေးကုထုံးတွေ။ သိပ္ပံပညာရှာဖွေတွေ့ရှိချက်တွေကို အမြဲတမ်း မျှဝေပေးတာပါ၊ သိပ္ပံပညာကလွဲရင် ဘာကိုမှမယုံဘူးဆိုတဲ့ သိပ္ပံသမားစစ်စစ်ကြီးဖြစ်ပါတယ်၊ အဲဒီ ဆရာဝန်ကြီးမှာ သားသုံးယောက်ရှိပါတယ်၊ အကြီးနှစ်ယောက်က ဆရာဝန်တွေဖြစ်ပြီး အငယ်ဆုံးသားကတော့ ဓာတုဗေဒနဲ့ မဟာဘွဲ့ရပြီး တက္ကသိုလ်ဆရာလုပ်ပါသေးတယ်၊ သုံးလေးနှစ်လောက်ဆရာလုပ်ပြီးတော့ ထွက်လိုက်ပါတယ်၊ ထွက်ပြီးတော့ သူကနတ်ကတော် လုပ်သွားပါတယ်၊ တောင့်ပြုံး။ ရတနာ့ဂူ။ ပခန်းကိုကြီးကျော်ပွဲ စတဲ့ နတ်ပွဲတွေလှည့်သွားပြီး နေပါတော့တယ်၊အခုတော့ သူ့သတင်း မကြားရတာတောင် အတော်ကြာသွားပါပြီ။၊ ရှိရှာသေးရဲ့လားတောင် မသိတော့ပါဘူး၊
ဒီ ဒီသားအဖနှစ်ယောက်ကို ကြည့်ပြီး အရာရာတိုင်း မှာမျိုးဆက်ကွာဟမှုကိုချည်း ပုံချလို့မရဘူးဆိုတာ သိနိုင်ပါတယ်၊အဖေလုပ်သူက အသက်(၈၀) အရွယ်ထိ သိပ္ပံပညာက လွဲပြီးဘာမှမယုံတဲ့သူ၊ သားဖြစ်သူကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ပညာကလေးလည်း တတ်ပါလျက်နဲ့ ကျောက်ခေတ်က လူသားတွေရဲ့ယုံကြည်ကိုးကွယ်မှုမျိုးကိုမှ အဟုတ်ထင်နေသူ၊ မျိုးဆက်ကွာဟမှုကြောင့်။ အသက်အရွယ်ခြားနားမှုကြောင့် အကြိုက်ချင်း စရိုက်ချင်း မတူတာမျိုး မရှိဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး၊ ရှိပါတယ်၊ဒါပေမယ့် လူကြီးနဲ့လူငယ် အမြင်အတူ မှု မိဘနဲ့သားသမီး တကျက်ကျက်ဖြစ်မှုစတဲ့ ကိစ္စရပ်အားလုံးဟာ အသက်အရွယ်ကွာခြားမှုကြောင့်ချည်း ဖြစ်လာရတာ မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်၊
ခေတ်လူငယ်တွေက လူကြီးမှန်သမျှကို အဟောင်းအဆွေးတွေပဲ။ ထူးမခြားနားလောက်သာ ကြိုက်တတ်သူတွေပဲလို့ တထစ်ချယူဆပြီးတံတိုင်းခြားထားတတ်ကြတယ်၊ လူကြီးတွေထဲမှာလည်း စောစောကပြောတဲ့ ဆရာဝန်ကြီးလို ပုဂ္ဂိုလ်မျိုးတွေ အများကြီးရှိနေပါလားဆိုတာ မသိကြဘူး၊

အလားတူပဲလူကြီးတွေကလည်း လူငယ်မှန်သမျှကို အသိဥာဏ်နုသေးတဲ့။အတွေ့အကြုံမရှိသေးတဲ့။ မရင့်ကျက်သေးတဲ့ ကလေးတွေပဲ ဆိုတာအမြင်နဲ့ ငုံ့ကြည့်လေ့ရှိကြတယ်၊ တံတိုင်းခြားပစ်လေ့ရှိတယ်၊ လူငယ်တွေကြိုက်တတ်တဲ့ ‘ဂီတပူ’တွေကို အလကားဟာတွေ။ နားငြီးတာပဲရှိတယ်လို့ အပြီးသတ် ကောက်ချက်ချထားတတ်ကြတယ်၊ အေးအေးငြိမ့်ငြိမ့်ဂီတကနေပြီး ဘာကြောင့်မြန်တဲ့။ သွက်တဲ့။ အော်တဲ့။ ဆူတဲ့ ဂီတအဖြစ် ပြောင်းလဲသွားရတာလဲဆိုတာကို လေ့လာဆန်းစစ်ဖို့ မေ့လျော့နေတတ်ကြတယ်၊ ဆူတာ အော်တာအပြင် ဘာတွေကောင်းနေလို့လူငယ်တွေ ကြိုက်နှစ်သက်နေကြတာလဲဆိုတာလည်း သိ အောင်လုပ်ချင်စိတ်မရှိကြဘူး၊ သေသေချာချာ လေ့လာနား ထောင်ကြည့်ရင်နားငြီးလိုက်တာလို့ပြောနေကြတဲ့ ဒီနေ့လူငယ်တွေရဲ့ သီချင်းတွေဟာချစ်တာ။ လွမ်းတယ်။ မျက်ရည်ချောင်းစီတာ။ အသည်းကွဲရတာမျိုး တွေလောက်သာ ရေးဖွဲ့နေကြတာ မဟုတ်တော့ဘူးဆိုတာ တွေ့နိုင်တယ်၊
နောက်ပြီးတော့ လူကြီးတော်တော်များများမှာ မှားနေတာ တခုရှိတယ်၊ အဲဒါကတော့ ကိစ္စတခု။ ပြဿနာတခုကိုကြည့်တဲ့အခါမှာ ကိုယ်လက်ရှိရောက်နေတဲ့ အသက်အရွယ်အတွေ့အကြုံနဲ့ကြည့်လေ့ရှိခြင်းဖြစ်တယ်၊ ကိုယ်ငယ်ငယ်ကဘာကြိုက်ခဲ့သလဲ။ ဘာတွေလုပ်ခဲ့သလဲဆိုတဲ့ အတွေးမျိုးနဲ့တွေးကြည့်လေ့မရှိကြဘူး၊ အဲဒီလိုပဲ ကိုယ်ငယ်စဉ်က အခြေအနေကို ပြန်တွေးကြည့်ရင် ကိုယ်ငယ်ငယ်ကလည်း ပရက်စလေတို့။ ရော့ခ်အင်ရိုးတို့။ ခေါင်းလောင်းဘောင်းဘီတို့ကြိုက်ခဲ့တာပါလားဆိုတာ ပြန်သတိရလာမှာပါ၊ ခုခေတ် ယောင်္ကျားလေး။မိန်းကလေးတိုင်းရဲ့ ခါးမှာ တင်နေတဲ့ ဂျင်းဘောင်းဘီ။ ဂျင်းအကျီင်္ိတွေဟာ ကိုယ်ငယ်ငယ်က စပြီးခေတ်စားခဲ့။ ၀တ်ခဲ့တာပါလားဆိုတာ ပြန်သတိရလာမှာပါ၊

လူငယ် တွေကလည်း ဘာမဆိုသစ်တိုင်းကောင်းတယ်။ ဟောင်းရင် မကောင်းဘူးလို့ တရားသေစွဲမှတ်မထားသင့်ကြဘူး၊ဒီနေ့ကိုယ်နှစ်သက်တဲ့ ဂျင်းဘောင်းဘီ။ ဂျင်းအကျီင်္ိတွေဟာ ကိုယ့်အဖေတွေ။ ဦးကြီးဦးလေးတွေ စ၀တ်ခဲ့ကြတာပါလားဆိုတာ သိအောင်လုပ်ဖို့လိုတယ်၊ ရှေးခေတ်ခန်းမဆောင်ဂီတမျိုးကနေပြီး ရော့ခ်အင်ရိုးခေတ်ရောက်သွားအောင် ခုခေတ်လူကြီးတွေ လုပ်ခဲ့ကြတာပါလား ဆိုတာ အသိအမှတ်ပြုဖို့။ လေးစားဖို့လိုတယ်၊ ဘာကိစ္စဖြစ်လာဖြစ်လာ ‘မျိုးဆက်ကွာဟမှု’ကြောင့်လို့ပြီးစလွယ်မပြောသင့်ဘူး၊ အဓိက အကြောင်းအရင်းက အသက်အရွယ်မဟုတ်ဘူး၊ အတွေးအခေါ်ပါ၊ လူတယောက်ရဲ့ခေါင်းထဲမှာရှိတဲ့ အခြေခံအတွေးအခေါ်က အရာရာကို ဆုံးဖြတ်ပေးတာဖြစ်တယ်၊

ခရစ်ယာန်မိဘက မွေးတဲ့ ခရစ်ယာန်လေးတယောက်ရဲ့မျက်စေ့မှာ နတ်သမီးလေးလို့ပြောလိုက်တာနဲ့ ၀တ်ရုံဖြူဝတ်ပြီး တောင်ပံဖြူ အကြီးကြီးနဲ့ ပျံသွားတတ်တဲ့ပုံကိုမြင်လာမှာပဲဖြစ်တယ်၊ဗုဒ္ဓဘာသာမိဘကမွေးတဲ့ ဗုဒ္ဓဘာသာကလေးတယောက်ကတော့ နတ်သမီးလို့ပြောလိုက်တာနဲ့စည်းပုံတွေ။မကိုဉ္စ်တွေနဲ့ ဟင်္သာခြေနင်းစီးထားတဲ့ပုံကို မြင်လာမှာပဲဖြစ်တယ်၊ဒါသဘာဝပဲဖြစ်တယ်၊ ဒီသဘောကို သဘောပေါက်ဖို့လိုပါတယ်၊

လူကြီးနဲ့လူငယ်ကြားမှာ ဖြစ်ဖြစ်။ မိဘနဲ့သားသ မီးကြားမှာဖြစ်ဖြစ် ပေါ်ပေါက်လာရတဲ့ ပဋီပက္ခမှန်သမမျှဟာ အတွေးအခေါ်ချင်း မတူခြားနားရာက ပေါ်ထွက်လာရတာ ဖြစ် ပါတယ်၊မတူခြားနားတဲ့ အတွေးအခေါ်တွေဟာ မတူခြားနား တဲ့ လူမျိုး။ဘာသာ။ အယူအဆ။ တိုင်းပြည်။ နိုင်ငံ။ ရေမြေ တောတောင်သဘာဝ အခြေခံတွေကနေပြီး ပေါ်ထွက်လာတာဖြစ်တယ်၊ ဒါကို သဘောပေါက်ဖို့လိုပါတယ်၊ မျိုးဆက်ကွာဟမှုကိုချည်း ပုံချနေရင် ဘယ်တော့မှ ပြဿနာတွေ ပြေ လည်သွားမှာမဟုတ်ပါဘူး၊ ပိုပြီး ရှုပ်ထွေးလာဖို့သာရှိတယ်၊ ဘယ်ကိစ္စ။ ဘယ်ပြဿနာမဆို ပေါ်ပေါက်လာရတဲ့ အကြောင်း အရင်းဇစ်မြစ်ကိုသေသေချာချာ မှတ်မှတ်ကန်ကန်(သိမှ) ဖြေ ရှင်းနိုင်မှာဖြစ်တယ်၊
အကြောင်းအရင်း ဇာစ်မြစ်ကလည်း စောစောကပြောတဲ့ ‘မတူခြားနားမှု’အမျိုးမျိုးကြောင့်ကွဲပြားခြားနားနိုင်ပါတယ်၊ အဲဒါကြောင့် ဖြေရှင်းပုံ ဖြေရှင်းနည်းလည်း ကွဲပြားခြားနားမှာဖြစ်တယ်၊ နေရာတိုင်း။ နိုင်ငံတိုင်း။ လူမျိုးတိုင်းအတွက်ကျင့်သုံးနိုင်တဲ့ ပုံသေနည်းဖော်မြူလာဆိုတာ မရှိနိုင်ပါဘူး၊လမ်းဘေး ပျံကျဈေးသည်လေးတွေကို ဈေးရုံတခုထဲ စုဝေးရောင်းချစေပြီး ‘ဈေးကြီး’တခုသာ ဖန်တီးလို့ ရနိုင်တယ်၊ ရေမြေအနေအထား။ လူမျိုး။ ဘာသာ။ အယူအဆ မတူကွဲပြားခြားနားတာတွေအားလုံးကို တခုတည်း ဖြစ်သွားအောင်‘ကမ္ဘာပြု’လို့မရနိုင်ပါဘူး၊ သူများက ‘ဂလိုဘယ်လိုက်ဇေးရှင်း’ဘာမှန်း ညာမှန်းမသိ ရမ်းသမ်းပြီး ‘ဂလိုဘယ်’ အော်လို့မရဘူး၊ လူမျိုးတွေ။ဓလေ့ထုံးစံ ယဉ်ကျေးမှုတွေ။ တိုင်းပြည်နိုင်ငံတွေဆိုတာ ‘ပျံကျ’ဈေးသည်တွေ မဟုတ်ပါဘူး၊

အဲဒါကြောင့် နယ်ခြားမဲ့ တခုတည်းသော ‘စူပါမားကက်ဈေးကြီး’ ဖြစ်အောင်လုပ်လို့မရပါဘူး၊တိုင်းပြည်နိုင်ငံ။ ရေမြေအနေအထား။ လူမျိုး။ ဘာသာအယူအဆ။ ဘ၀အခြေခံ ကွဲပြားခြားနားမ_တွေက မတူခြားနားတဲ့အတွေးအခေါ်တွေ ပေါ်ထွက်လာမှာသာ ဖြစ်တယ်၊ အဲဒီမတူတဲ့အတွေးအခေါ်တွေကြောင့် ပြဿနာ တွေ။ ပဋီပက္ခတွေ ပေါ်ထွက်လာရတယ်၊ ဒီသဘောသဘာဝ ကို နားလည်သဘောပေါက်မှပြဿနာတွေ ဖြေရှင်းနိုင်မှာဖြစ်တယ်၊ ဘာကိစ္စကြုံကြုံပြီးလွယ်စီးလွယ်နဲ့ ‘မျိုးဆက်ကွာဟမှု’ကိုချည်း ပုံချနေရင် ပြဿနာ တွေဘယ်တော့မှ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး၊ အဲဒါကြောင့် ပြဿနာတခုဖြစ်လာရင် ဇာစ်မြစ်ကို တွေ့အောင်ရှုာဖို့အရေးကြီးကြောင်းပြောချင်ပါတယ်၊လူတွေ။

ဓလေ့ထုံးစံ ယဉ်ကျေးမှုတွေ။ တိုင်းပြည်နိုင်ငံတွေဆိုတာ ပျံကျဈေးသည်တွေ မဟုတ်တာကြောင့် ဈေးရုံကြီးတခုထဲ စုစည်းပြီး ဂလိုဘယ်မားကက်ကြီးဖန်တီးလို့လည်း မရနိုင်ဘူးဆိုတဲ့ အကြောင်းထပ်လောင်းပြီးပြောလိုက်ချင်ပါသေးတယ်၊
လူထုစိန်ဝင်း
၂၀၀၆ခုနှစ်။ နိုဝင်ဘာလထုတ် ကလျာမဂ္ဂဇင်းမှ---

0 comments: