Sunday, March 9, 2008

ဘာလဲဟဲ့ ဟီးရိုးဝေါရှစ်

မောင်စွမ်းရည်

ဗမာစကားရှိရက်နဲ့ အင်္ဂလိပ်စကားလုံးကို သုံးဖို့ကျနော်ဝါသနာမပါပါဘူး၊ ဒါပေမဲ့ ဒီအကြောင်းကိုပြောကြတဲ့ပုဂ္ဂိုလ်တွေ တော်တော်များများက ‘ဟီးရိုးဝေါရှစ်။ ဟီရိုးဝေါရှစ်နဲ့ တရှစ်တည်း ရှစ်နေကြလို့သူတို့ ပြောနေဆိုနေကြတဲ့စကားကို ပေါ်လွင်အောင်လို့သူတို့လေသံလိုက်ပြီး‘ဟီးရိုးဝေါရှစ်’ လုပ်လိုက်ရတာကို ခွင့်လွတ်ပါ၊ကဲ။ သူတို့ ဘယ်လို ပြောတယ်ဆိုတာ ခေါက်ထားလိုက်ကြပါဦးစို့။သူတို့ ဘာ ပြောတယ်ဆိုတာ အရေးကြီးပါတယ်၊ ဟီးရိုးဝေါရှစ်ဆိုတာ အများသိတော်မူကြတဲ့ အတိုင်း ‘သူရဲကောင်းကိုးကွယ်မှုကို ခေါ်တာပါပဲ၊
‘ဟီးရိုး’ဆိုတာသူရဲကောင်းပါ၊ ကောင်းတဲ့ အဓိပြါယ်ဆောင်ပါတယ်၊ ဗိုလ်ချုပ်အောင်ဆန်းကို ‘နေရှင်နယ် ဟီးရိုးလို့ခေါ် ကြတယ်၊ အမျိုးသားသူရဲကောင်းတဲ့၊ အဲဒီလို ဘွဲ့မျိုးက နိုင်ငံတော်နဲ့ပြည်သူလူထုအတွက် နည်းမှန်။လမ်းမှန်ပြရင်း သက်စွန့်ကြိုးပမ်းအမှုထမ်းတတ်တဲ့ လူမျိုးကိုမှ ခေါ်တာပါ၊

သူ့ရဲ့ရဲစွမ်းသတ္တိနဲ့ပြည်သှူုကောင်းကျိုးကို လုပ်တတ်တဲ့လူ။ ပြည်သူ့ကောင်းကျိုးကိုလုပ်ရာမှာ ရဲရင့်သူ။ ဘယ်လိုပဲခေါ်ခေါ် ကောင်းတာဟာ ကောင်းတာပါပဲ၊‘ကိုးကွယ်’တယ် ဆိုတာကတော့ကော၊ ကိုးကွယ်တယ်ဆိုတာ တယောက်ယောက်ကို။ တခုခု ကို ကိုးကွယ်ယုံကြည်တာပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ အားကိုး ယုံကြည်လောက်တဲ့ အရည်အချင်းကို အားထား ခိုလှုံချင်လို့ပေါ့၊သူရဲကောင်းတယောက် ဘယ်လိုလုပ်ပြီး လူထုကြားထဲက ပေါ်ထွက်လာသလဲ၊သူရဲကောင်းဆိုတာအလိုလျောက်မိုးပေါ်က ကျလာတာရယ်လို့မရှိပါဘူး၊ ခေတ်က တောင်းဆိုလို့။ လူထုအတွက် လိုအပ်ချက်အရ ပေါ်ထွက်လာရတာပါ၊တနည်းပြောရရင် သမိုင်းက တောင်းဆိုလို့ ပေါ်ထွက်လာရတာ မဟုတ်လား၊

အဲဒီ သူရဲကောင်းရဲ့ အရည်အချင်းကလည်းမိုးပေါ်က ကျလာတာ မဟုတ်ပေဘူး၊ ဥုံဖွမန်းလို့ ဖြစ်လာတာ မဟုတ်ဘူး၊ တပွဲတိုး ထုံးမန်းစားလို့ ဖြစ်လာတာ မဟုတ်ဘူး၊နတ်ရေကန်ထဲ ပစ်ချလိုက်လို့ ဖြစ်လာတာလည်း မဟုတ်ပေဘူး၊ နိုင်ငံအတွက် ခံစားချက်တွေ။ ခံယူချက်တွေ။ စေတနာတွေကို တသက်လုံး။ တဖြည်းဖြည်း ‘ဖြည့်ဆည်း’လာခဲ့ရတာ၊ ထပ်ပြောပါရစေ၊ အာဇာနည် သူရဲကောင်းဆိုတာ မိုးပေါ်ကကျလာတာ မဟုတ်ဘူး၊ ‘ပါရမီဖြည့်ဆည်း’ လာခဲ့ရတာ၊ လူတွေက ကိုးကွယ်ရာကို အချိန်မရွေး ရှာကြံနေကြတာတော့မဟုတ်ဘူး၊ လူတွေအားလုံးမှာ ဒုက္ခဆင်းရဲ အမျိုးမျိုးကြုံနေကြရပြီး အားကိုးရာမဲ့။ ကယ်မဲ့သူ ဝေးနေတဲ့အခါမှ ကိုးကွယ်ရာရှာကြတာပါ၊

သူရဲကောင်းဆိုတာ လူတယောက်။ နှစ်ယောက်က ကိုးကွယ် အားထားချင်လို့ ပေါ်လာမျိုးလည်း မဟုတ်ပေဘူး၊ လူထုကြီးက။ လူများစုကြီးက လိုချင်တမ်းတမှ ပေါ်ထွက်လာတာမျိုးပါ၊ လူထုကြီးက။ လူများစုကြီးက အားကိုးတာခံရတယ်ဆိုကတည်းက သူ့မှာ အရည်အချင်း။ အစွမ်းအစ တစုံတရာ ရှိနေလို့ပဲ ဆိုတာ သေချာနေပါပြီ။၊လူထု ဒုက္ခ ရောက်နေတဲ့ကာလမှာ သူရဲကောင်းဆိုတာ တယောက်တည်း ပေါ်လာတာတော့မဟုတ်ဘူး၊ အရေးတော်ပုံကာလ တခုအတွင်းမှာ အကြောင်းအမျိုးမျိုးနဲ့ ရဲဝံ့စွန့်စားပြီးလူထုကြီးးရဲ့ရှေ့တန်းကို ပေါ်ထွက်လာသူတွေဟာအများကြီးးပါပဲ၊ အဲဒီလိုရှေ့တန်း ထွက်လာကြသူတွေထဲမှာ။ သေရဲတဲ့သတ္တိ။ စွန့်လွတ်စွန့်စားတဲ့သတ္တိအပြင်။ အတွေးအခေါ် အသိအမြင်ကလည်း ရှိမှသာ စွန့်စားသူ အချင်းချင်းကြားမှာ ပိုပြီးပေါ်လွင် ထင်ရှားလာတာမျိုးပါ၊ အတိုချုပ်ကသတ္တိရော။ဗျတ္တိရောရှိမှ။ လက်ရုံးရည်ရော။နှလုံးရည်ရောထူးချွှန်မှ ‘ချွန်ထက်ချွန်’။ ‘မွန်ထက်မွန်’တဲ့  သူရဲကောင်း ဖြစ်လာရပါတယ်၊

ဒါကြောင့်လည်းပဲ လူအများက အဲဒီလိုပုဂ္ဂိုလ်မျိုးတွေကို အားထားကိုးကွယ်ကြတာဖြစ်ပါတယ်၊နိုင်ငံတနိုင်ငံမှာ သူရဲကောင်းဆိုတာ အချိန်မရွေး ကာလမရွေး ရှိနေတာမျိုးမှ မဟုတ်ပဲကလား၊ သမိုင်းတကွေ့ကွေ့ကျမှ ပေါ်ထွက်လာတာပါ၊ ခေတ်အခြေအနေအရ မရှိမဖြစ်လို့အများလူထုက တမ်းတ တောင်းဆိုတဲ့အတွက် အများလူထုဆန္ဒနဲ့ အညီ အများလူထုကြားက ပေါ်ထွက် လာကြရပေတာကိုး၊ လူတဦးဦးမှာရှိနေတဲ့ အရည်အချင်းဟာ အဲဒီတော့မှ ပေါ်ထွက်လာတာပါ၊ ဒါကြောင့် သူရဲကောင်း ဆိုတာ လူထုက ကိုးကွယ်ချင်လို့အားထားချင်လို့ ပေါ်လာတာဖြစ်ပြီး လူထုက ကိုးကွယ်ထိုက် အားထားထိုက်လို့လည်း သူရဲကောင်းလို့ခေါ် ကြပေတာကိုး၊ သူရဲကောင်းတယောက်ရဲ့အရည်အချင်းဟာ ပထမတော့ ဒေသတခု။ တမြို့တရွာမှာပဲ ကျော်ကြားပါလိမ့်မယ်၊ ပြီးမှ တနိုင်ငံလုံး ကိုယ်စားပြုပြီးတနိုင်ငံလုံးရဲ့ အားကိုးရာ ဖြစ်လာပါတယ်၊ အဲဒီတော့မှ အမျိုးသားသူရဲကောင်းဆိုတာ ဖြစ်လာပါတယ်၊

ကျန်တဲ့ လူစွမ်းကောင်းအမျိုးမျိုးကလည်း ထူးချွန်သူကို ၀ိုင်းဝန်း ထောက်ခံလေ့ရှိကြ ပါတယ်၊ သူတို့ကလည်း ၀ိုင်းဝန်းအားထားလာကြပါလိမ့်မယ်၊သူတို့ကိုယ်တိုင်က အရေးတော်ပုံတရပ်မှာ အများအတွက် စွန့်လွတ်စွန့်စား လာခဲ့ကြတာဆိုတော့ အများအတွက်ကိုယ့်ထက် စွန့်လွှတ်စွန့်စားနိုင်ပြီး အဖက်ဖက်က‘ဒို့ထက် သာပါပေတယ်။ ဒို့ထက် အများအကျိုးကို ထမ်းဆောင်နိုင်စွမ်းရှိပါပေတယ်’လို့ယုံကြရသူကို ခေါင်းဆောင် တင်ဖို့ရာ ၀န်မလေးကြဘူး၊ ခေါင်းဆောင်ကို စေတနာမှန်နဲ့ ဆက်လက်ဝန်းရံကြတော့တာပါ၊ခေါင်းဆောင်သူရဲကောင်း သေဆုံးသွားရင် တောင်သူ ‘စံတင်’သွားတဲ့ သူရဲကောင်းကျင့်စဉ်။သူရဲကောင်းဝါဒ။သူရဲကောင်း အယူအဆတွေက ဆက်လက် ခေါင်းဆောင်နေမှာပါ၊

ဒီနေရာမျိုးမှာ အရေးတော်ပုံ လှေကြုံစီးသမားတချို့လည်း ရှိတတ်ပါတယ်၊ ထင်ပေါ်ချင်လို့ဆိုတဲ့ စိတ်ဓါတ် တပိုင်းတစ ပါကောင်းပါနိုင်ပါတယ်၊ သူဟာ အဲဒီ သူရဲကောင်းကို ၀န်းရံနေသမျှသူ့ကိုလည်း သူ့နေရာနဲ့သူ လူအပေါင်းက တန်ဖိုးထားမှာ မလွဲပါဘူး၊ ဒါပေမဲ့ အမျိုးသားသူရဲကောင်းကိုမနာလို ၀န်တိုစိတ်ပေါ်လာပြီး အရေးတော်ပုံရဲ့အဓိကလမ်းကြောင်းက သွေဖယ်သွားတာနဲ့တပြိုင်နက် သူဟာ သမိုင်းအမှိုက်ပုံထဲကို ရောက်သွားရတာပါပဲ၊

ဂဠုန်ဦးစောလို လူမျိုးကျတော့ ပိုဆိုးတာပေါ့၊ ဒီလို လူမျိုးတွေကလည်း ခေတ်တိုင်းမှာရှိတတ်တာပါပဲ၊ သမိုင်းအတွေ့ကြုံလည်း များလာပြီဆိုတော့ ပြည်သူလူထုက အဲသလို လူမျိုးတွေကို မြန်မြန်မြောင်းထဲပစ်ချတတ်ပါတယ်၊ အခုအခါမှာ တချို့က ‘ဟီးရိုးဝေါရှစ်’ဆိုတဲ့ စကားနဲ့ ‘ဟီးရိုးကို ပုတ်ခတ်တာ ရှိပါတယ်၊ ‘သင်တို့ကိုးကွယ်နေတဲ့ သူရဲကောင်းကို မကိုးကွယ်ကြနဲ့ငါ့ကို ကိုးကွယ်ကြလော့’ဆိုတဲ့ လေသံလည်းပါတယ်၊ ‘ငါဟာ သူရဲကောင်းကို ၀န်းရံသူလား’။ ‘ငါဟာ သူရဲကောင်းလား’ဆိုတာ မသိနိုင်လောက်အောင် ဖြစ်လာတဲ့အခါ ဘ၀င်လေပင့်ပြီးသူရဲကောင်းကို မကိုးကွယ်ဖို့ကြွေးကျော်လာတတ်တာပါပဲ၊

ဒါဟာ စေတနာမမှန်လို့ ဖြစ်နိုင်သလို နိုင်ငံရေးအတွေးအမြင်မရင့်ကျက်လို့လည်း ဖြစ်နိုင်ပါတယ်၊ အခုကာလဟာ ခေတ်သစ်တခုပြောင်းဖို့ (၀ါ) ခေတ်ဆိုးတခုတည်းက ခေတ်ကောင်းတခုဘက်ကို ထိုးဖေါက်ထွက်ဖို့တိုက်ပွဲဝင်နေတဲ့ သမိုင်းတကွေ့ ဖြစ်ပါတယ်၊ ဘတ်စ်ကားသမားတွေ ပြောတဲ့ ‘ကွေ့မယ်ကိုင်ထား’ ဆိုတာ သမိုင်းစကား ဖြစ်လာနေပါတယ်၊မူလ ပန်းတိုင်ကို မပျောက်အောင် ရှေးရူ`ပြီး မူလလမ်းစဉ်ကို မြဲမြဲတွယ်ဖက် ဆုပ်ကိုင်ထားရမယ့် အခါ ဖြစ်ပါတယ်၊ အခြေအနေက ‘ရန်’နဲ့‘ငါ’ ကွဲပြီးသားပါ၊ ‘အကောင်း’နဲ့‘အဆိုး’။‘အမြတ်’နဲ့‘အယုတ်’ သရုပ် ကွဲပြီးသား ဖြစ်နေတာပါ၊ စိတ်ဓါတ်နဲ့ ယုံကြည်ချက် မခိုင်မာသူများဟာ ရေရှည်တိုက်ပွဲမှာအိုးနင်းခွက်နင်း ဖြစ်လာတတ်ပါတယ်၊ ‘ဟီးရိုးဝေါရှစ်’ကို ရှုတ်ချရင်း။ ကိုယ်တိုင် ‘ဟီးရိုး’ အဖြစ်နဲ့ ‘ဝေါရှစ်’အလုပ်ခံချင်လာတတ်ပါတယ်၊ ကိုယ့်တပ်ကို ကိုယ်ပြန်နင်းသူ ဖြစ်လာတတ်ပါတယ်၊

နောက်ဆုံးတော့ သူက မရောက်ချင်ဘူးလို့ ပါးစပ်က ပြောပေမယ့် ဟိုဖက်ကို ရောက်သွားတော့တာပါပဲ၊ လူကလည်း မရောက်ဘူး။ စိတ်ကလည်းမရောက်ဘူး ဆိုဦးတော့အကျိုးပြုတာ ဟိုဘက်ကိုပါပဲ၊ ရန်သူဖက်ကိုပါပဲ၊ ခုအခါ လူငယ်တွေ ကြားမှာ ခေတ်စားနေတဲ့ ‘ရန်။ ငါ’ ပြတ်ရမယ်ဆိုတဲ့စကားကို ကျနော် အလွန်သဘောကျတယ်၊ ခုသမိုင်းက ‘ရန်’နဲ့ ‘ငါ’ကြားစာရင်းရှင်းပွဲပဲ၊ ‘ငါ’နဲ့‘ငါ’ချင်း။ ‘ငါ့တပ်ကိုငါနင်း’ဖို့မဟုတ်တာ သေချာတယ်၊ အမြင် မရှင်းစရာ မရှိဘူး၊

‘ရန်’ဆိုတာ မကောင်းတာ လုပ်တဲ့လူပဲ၊ ရန်သူပဲ၊ ‘ငါ’က ဘယ်နေရာ နေမလဲ၊ တိုက်ပွဲ အထွတ်အထိပ် ကာလမှာမှ ကိုယ့်ရဲ့မူလဖက်ကို စွန့်သွားရင်။ ကိုယ့်သူရဲကောင်းကို ရှုတ်ချရင် ဘယ်မှာ ကောင်းနိုင်ပါ့မလဲ၊ အချင်းချင်းဝေဖန်ဖေးမတာနဲ့ ရန်သူကို ဝေဖန်တိုက်ခိုက်တာ ခွဲခြားသိရမှာပါ၊ ရန်သူ ပျောက်နေပြီး ကိုယ့်တပ်ကို နင်းနေရင် ကိုယ့်အဖို့ရောကိုယ့်တပ်အဖို့ရော မကောင်းနိုင်ပါဘူး၊အရေးကြီးတာက သူရဲကောင်းကို ကိုးကွယ်ဖို့ပါ၊ ကိုးကွယ်အားထားထိုက်လို့ကိုးကွယ်တာဟာ ကောင်းမှုပြုတာပါ၊ သူရဲကောင်းဆိုတာ ပေါ်ပေါက်ခဲတယ်၊ ရခဲတယ်၊ သမိုင်းကပေးလာလို့။ ကံကောင်းလို့ရတဲ့ သူရဲကောင်းကိုကိုးကွယ်ရမယ်၊ ကိုးကွယ်ကြမယ်၊အရေးကြီးတာက သူရဲကောင်းမဟုတ်တဲ့ သူယုတ်မာကို မကိုးကွယ်ဖို့ပါပဲ၊ ‘ဟီးရိုး ဝေါရှစ်’ဟာ ကောင်းတယ်၊ ကိုးကွယ်စရာ ဟီးရိုးရှိတာ ဒို့ဗမာ ကံကောင်းလေစွ၊ ၊
၁၄ စက်တင်ဘာ။ ၂၀၀၄(ဥဒါန်း စက်တင်ဘာ ၂၀၀၄မှ)

0 comments: