Tuesday, March 18, 2008

နိုးထချိန် တန်ပေပြီ


နေ့က တိဗက်ပြည်ကို တရုတ်ဝင်သိမ်းတာ (၄၉) နှစ်မြောက် ပြည့်တဲ့ အထိမ်းအမှတ်နဲ့ ပြည်ပရောက် တိဗက်လူမျိုးတွေ တရုတ် အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုများ ကမ္ဘာအနှံ့ ဆိုသလို ဆောင်ရွက်ကြတာကို တွေ့ရပါတယ်။ ဒါ့အပြင် တရုတ်မှာ သည်နှစ် လုပ်မဲ့ အိုလံပစ်ပွဲတော်ကို ဆန့်ကျင်ဆန္ဒပြ ကြတာလည်း ဖြစ်ပါတယ်။ တရုတ်သိမ်းပိုက် ထားတဲ့ တိဗက်နိုင်ငံရဲ့ မြို့တော် လာဆာမှာလည်း တိဗက်ဘုန်းတော်ကြီး (၃၀၀) ခန့် တရုတ် သိမ်းပိုက် ထားခြင်းကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ လုပ်ခဲ့ လို့ ဘုန်းတော်ကြီး ငါးဆယ်၊ ခြောက်ဆယ်လောက် အဖမ်းခံရတယ် ဆိုတာလည်း ကြားသိရပါတယ်။

တိဗက်တို့ရဲ့ အဝေးရောက်မြို့တော်လို့ ဆိုရမဲ့ အိန္ဒိယနိုင်ငံမြောက်ပိုင်း တောင်ပေါ်ဒေသမှာ တည်ရှိတဲ့ ဒြရမ်ဆာလာမြို့ မှာလည်း ဒလိုက်လားမားကိုယ်တိုင် တိဗက်လူမျိုးများကို ဟောပြောပါတယ်။ မူလက ဒလိုင်လားမားရဲ့ ပေါ်လစီ က တရုတ် လက်ကနေ လုံးဝလွတ်လပ်ရေး ရဖို့ ဖြစ်ပါတယ်။ သို့သော် အခုအခါမှာတော့ ဒလိုင်လားမားရဲ့ တောင်းဆိုချက်က တိဗက် ဒေသဟာ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးရ ဒေသဖြစ်ဖို့သာ တောင်းဆိုပါတယ်။
မူရင်း- ရွက်မွန်ဘလောက်မှ ကူးယူဖေါ်ပြပါသည်။

အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီမှာလည်း တိဗက်တွေ အမြောက်အများ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြကြပါတယ်။ အလားတူပဲ နီပေါနိုင်ငံ ခတ္တမန်ဒူ မြို့တော်မှာလည်း တိဗက်လူမျိုးများ စုရုံးဆန္ဒပြခဲ့ပါတယ်။ အမေရိကန်မှာ ဆိုရင်လည်း ဆန်ဖရစ်စစ္စကို မြို့တော်မှာ ပြကြပါတယ်။ လန်ဒန်မှာလည်း တရုတ်သံရုံးရှေ့မှာ တိဗက်တွေ ဆန္ဒပြကြပါတယ်။ အိုလံပစ် ပွဲတော် မွေးဖွားရာ ဖြစ်တဲ့ ဂရိနိုင်ငံ အိုလံပီယာတောင်ခြေ မှာလည်း တိဗက်အားကစားသမား တဖွဲ့ အိုလံပစ် မီးရှုးတိုင်ကို ကိုယ်တိုင်မီးညိလို့ သူတို့ရဲ့ ဆန္ဒကို ပြသခဲ့ကြပါတယ်။

တိဗက်ပြည်ကို တရုတ်တွေ ၁၉၅၉ မှာဝင်ရောက် သိမ်းပိုက်ခဲ့ပါတယ်။ အဲသည်ကတည်းက ဘာသာရေးခေါင်းဆောင် လည်း ဖြစ် နိုင်ငံရေးခေါင်းဆောင်လည်း ဖြစ်တဲ့ ဒလိုင်လားမား ထွက်ပြေးလာခဲ့ရတာ ဖြစ်ပါတယ်။ ထွက်ပြေးလာခဲ့တဲ့ တိဗက်လူစု လူဝေးကြီးကို အဲသည်တုံးက အိန္ဒိယနိုင်ငံရဲ့ ၀န်ကြီးချုပ်ဖြစ်သူ နေရူးက ဒြရမ်ဆာလာ ဆိုတဲ့ တောင်ပေါ် မြို့ကလေးမှာ အခြေချ နေထိုင်ခွင့်ပေးခဲ့တာ အခုအထိ ဖြစ်ပါတယ်။ တိဗက်တို့ရဲ့ ဒုတိယအိမ်လို့ ဆိုရင်လည်း ဆိုနိုင်ပါ တယ်။ တိဗက်ပြည်မှာ တရုတ်အစိုးရ သိမ်းပိုက်ထား ကတည်းက အခုအထိ တိဗက်လူမျိုးတွေအဖို့ ဘာ တိုးတက်ဖွံ့ဖြိုးမှု ကိုမှ မခံစားရပါဖူး။ ဒါ့အပြင် လူ့အခွင့်အရေး ချိုးနှိမ်ဖိနှိပ်တာတွေကို ဆက်လက်ခံစားနေရပါတယ်။

တချိန်တည်း မှာလည်း တရုတ်လူမျိုးတွေ အလုံးအရင်းနဲ့ တိဗက်ဒေသကို လှိမ့်ဝင်လာနေပါတယ်။ ကြာရင် တိဗက်လူ မျိုးတွေ တစတစနဲ့ လုံးပါးပါးလာပြီး လာဆာမြို့တော်ဟာ နောက်ထပ် တရုတ် မြို့တော်ကြီး တခုဖြစ်လာ တော့မှာပါ။ တိဗက်ဒေသကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စိတ်ကြိုက်မောင်ပိုင် စီးနိုင်ဖို့အတွက် တရုတ်အစိုးရဟာ ရထားလမ်းကြီး ဖေါက်ခဲ့ပါတယ်။ ပီကင်းကနေ လာဆာမြို့တော်ကို တိုက်ရိုက်သွားနိုင်တဲ့ ရထားလမ်းကြီး ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ အပြီးသတ်လို့ ဖွင့်လှစ်ခဲ့ ပါတယ်။ အခုဆိုရင် လာဆာမြို့တော်ကို တရုတ်တွေ ကြိုက်သလို ဒလဟော သွားနိုင်နေပါပြီ။

မန္တလေးကို နောက်ဝင်လာတဲ့ တရုတ်တွေ ၀င်ပြီးမောင်ပိုင် စီးသလိုမျိုးနဲ့ ခပ်ဆင်ဆင် တူတယ်လို့တောင် ပြောလို့ ရပါတယ်။တရုတ်သိမ်းပိုက်ခံရတဲ့ နှစ်တွေကစလို့ တိဗက်လူမျိုးတွေဟာ သူတို့တိုင်းပြည် လွတ်မြောက်ရေးအတွက် နည်းလမ်း ပေါင်းစုံ သုံးပြီးတိုက်ပွဲဝင်ခဲ့ပါတယ်။ အခုအထိလည်း ကမ္ဘာတလွှားမှာ ရောက်ရှိနေတဲ့ တိဗက်လူမျိုးတွေက တိဗက် ပြည်လွတ် မြောက် ရေးအတွက် လှုပ်ရှားမှုမျိုးစုံနဲ့ အတူ တိုက်ပွဲဝင်နေဆဲပါ။ အခုသည်နှစ်မှာတော့ တရုတ်မှာကျင်းပ ပြုလုပ်မဲ့ အိုလံပစ်ပွဲတော်ကို သပိတ်မှောက်ဖို့ လှုပ်ရှားနေပါတယ်။ အိုလံပစ်ပွဲတော် အနှောင့်ယှက်ခံရမှာကို တရုတ် အစိုးရအနေနဲ့ အလွန်စိုးရိမ်နေတဲ့ ကာလလည်း ဖြစ်ပါတယ်။

ကိုင်း ကျနော်တို့ မြန်မာပြည် ဒီမိုကရေစီ အရေးအတွက် နိုင်ငံတကာမှာ လှုပ်ရှားနေတဲ့ မြန်မာပြည်သားများ တိဗက်တို့ရဲ့ လှုပ်ရှားမှုများမှာ ၀င်ရောက်ပူးပေါင်း ဆောင်ရွက်တာများ ရှိပါသလား ဆိုတာ ကြည့်ရအောင်ပါ။

နယူးဒေလီမှာ မြန်မာပြည်သားတွေ အနည်းဆုံး ငါးရာနဲ့ တထောင်ကြားမှာ ရှိပါတယ်။ မြန်မာ အဖွဲ့အစည်းတွေလည်း အများ ကြီး ရှိပါတယ်။ ပြီးခဲ့တဲ့ရက် တိဗက်တွေ တရုတ်သံရုံးရှေ့ မှာ ဆန္ဒပြတော့ မြန်မာပြည်သား ဘယ်နှစ်ယောက် ပါဝင် ပူးပေါင်း ပါသလဲ။ ဘာသံမှ မကြားရပါ။ အနည်းဆုံး မြန်မာ အဖွဲ့အစည်းများကနေ ထုတ်တဲ့ ကြေငြာချက်တောင်မှ မတွေ့ရပါ။ အိန္ဒိယ မှာ ဆန္ဒပြရုံနဲ့ကတော့ ပုလိပ်မဖမ်းပါ။

ထိုင်းနိုင်ငံနှင့် ယှဉ်လိုက်ပါက အိန္ဒိယနိုင်ငံဟာ အတော်ကြီး လွတ်လပ်သည် ဟုတောင် ပြော၍ရပါတယ်။ဒါဖြင့်ရင် အမေရိကန် အနောက်ဖက်ချမ်းမှာ ရှိတဲ ဆန်ဖရန်စစ္စကိုမြို့တော် မှာကော မြန်မာဘယ်လောက် တိဗက်တွေ နှင့် ပူးပေါင်း ဆန္ဒပြခဲ့ပါသလဲ။ ဘာသံမှ မကြားရပါ။ ဆန္ဒပြတဲ့ နေရာမှာ အမေရိကန်ထက် လွတ်လပ်တဲ့ တိုင်းပြည်မရှိ တော့ပါ။ မြန်မာနိုင်ငံရေး အဖွဲ့အစည်းများ အမေရိကန် မြေပေါ်တွင်အများအပြားရှိနေပါတယ်။ သို့သော် ဘာကြောင့် မြန်မာများ တိဗက်များနှင့် ပူးပေါင်း၍ အိုလံပစ်သပိတ်မှောက်ရေး မလုပ်ကြသနည်း။ မိမိတို့သည်လည်း လွတ်လပ်သည့် အမေရိကန် နိုင်ငံတွင် အခြားသူများလို အခြေချ နေထိုင်နေသည်ပဲ။

အဲသလိုဆိုရင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ တိဗက်တွေ တရုတ်သံရုံးရှေ့ ဆန္ဒပြတော့ မြန်မာပြည်သား ဘယ်နှစ်ယောက် ပါသလဲဆိုတာ ဆန်းစစ်ကြည့်တော့ ဘာသံမှ မကြားရပါ။ လန်ဒန်မှာ မြန်မာစစ်အစိုးရကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းများ အများကြီးရှိပါတယ်။ လန်ဒန်မှာ အခြေစိုက်နေတဲ့ မြန်မာပြည်သား များလည်း ထောင်နှင့်ချီ၍ ရှိနေ ပါတယ်။ သို့သော် မြန်မာ ပြည်သားများ ဘယ်ရောက်နေကြသနည်း။ အင်္ဂလန်နိုင်ငံဟာ ပါလီမန် ဒီမိုကရေစီရဲ့ ဘိုးအေ နိုင်ငံ ဖြစ်ပါတယ်။ ဆန္ဒပြလို့ ဘယ်ရဲ ဘယ်ပုလိပ်ကမှ မဖမ်းပါ။ဒီမိုကရေစီထွန်းကားပြီး လွတ်လပ်တဲ့ နိုင်ငံများမှာ အခြေခြနေထိုင်ခွင့် ရသူများဖြစ်ပါရက်နှင့် ဘာဖြစ်လို့ တိဗက်ကိစ္စ မှာ ပူးပေါင်းဆောင်ရွက်ခြင်း မရှိတာလဲဆိုတာကတော့ စဉ်းစားရတာ အတော်လေး ဂွတီးဂွကျ နိုင်လှပါတယ်။

အီးမေးတွေ ထဲမှာ တော့ အဝေးရောက် မြန်မာပြည်သားများ အနေဖြင့် တရုတ်အိုလံပစ်ကို ဘယ့်နှယ့်လုပ်မယ် ညာ့နှယ့်လုပ်မယ် သပိတ်မှောက် ပြစ်ရမယ် ဆိုတဲ့ အသံတွေက လှိုင်နေအောင်ကြားရတာ အတော်လေးကြာပါပြီ။ သည်အရေးမှာ ဘာကြောင့် တိဗက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိကြသလဲ။ တိဗက်နှင့်မြန်မာပြည်သားများ ပူးပေါင်းဆောင်ရွက် ပါက အိုလံပစ်သပိတ်မှောက်ရေး လှုပ်ရှားမှုသည် ပို၍ ကြွတက်မလာနိုင်သလော။ ကျန်သည့် ကမ္ဘာ့မိသားစုဝင် များကို ပို၍မဆွဲဆောင်နိုင်ပြီလော။

ကျနော်တို့သည် သူများအရေးကိုလည်း ၀င်ရောက်ပူးပေါင်း ဆောင်ရွက်ဖို့လိုပါတယ်။ ဒါမှ အခြားသူများကလည်း မိမိ အရေး ကို ပူးပေါင်းဆောင်ရွက်လာကြမည်။ သည့်အတွက် ပို၍အားကောင်းလာမည်။ အသွားရှိမှ အပြန် ရှိမည့်သဘော။ ကိုယ့်ဥက ပေါက်သည့် သားကိုမှသာ သားထင်ခြင်းသည် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရမည့် အရေးအရာ များတွင် အတားအဆီး သဖွယ်ဖြစ်တတ် တာကို ဆင်ခြင်သင့်ပါတယ်။

ဆူဒန်နိုင်ငံ ဒါဖောကိစ္စတုံးကလည်း အဝေးရောက်မြန်မာ အဖွဲ့အစည်းများနှင့် မြန်မာပြည်သားများ ပူးပေါင်း ဆောင်ရွက်တာ မျိုးမရှိခဲ့ပါ။ အဲသည်တော့ ကိုယ့်အရေးကိုလည်း ဆူဒန်တွေက အဖက်လုပ်မည်မဟုတ်။ မိမိတို့တွင် ပူးပေါင်း ဆောင်ရွက် နိုင်သည့် လွတ်လပ်သည့် အခြေအနေမျိုးရှိပါတယ်။

သို့အတွက် အဖိနှိပ်ခံ အချင်းချင်း ပူးပေါင်းဆောင်ရွက် ဖို့လိုပါတယ်။ တယောက်အားမှ တရာအားသို့ ဆိုသလိုပါပဲ။အဝေးရောက် မြန်မာပြည်သားများ နိုးထကြကုန်လောဟု စေတနာရိုးရိုးဖြင့် နိုးဆော်လိုက်ရပါတယ်။

ဇော်မင်း (လူ့ဘောင်သစ်)
၁၁၊ ၀၃၊ ၂၀၀၈

မူရင်း- ရွက်မွန်ဘလောက်မှ ကူးယူဖေါ်ပြပါသည်။



0 comments: