Saturday, March 1, 2008

၈၈ မျိုးဆက်ကျောင်းသား ကိုထွန်းမြင့်အောင်ရဲ့ အခြေအနေ

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၈
By Marwaan Macan-Markar
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်သူ ကိုထွန်းမြင့်အောင်ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုတွေကြားက လွတ်အောင် ထွက်ပြေတိမ်းရှောင်နေရတာ အခုအထိပါဘဲ။ သူ့မှာ နေရာ ၁၀ နေရာလောက်ကို ပြောင်းပြီး တိမ်းရှောင်နေရပါတယ်။ ဒါပေမယ့် အခုထိတော့ အာဏာပိုင်တွေက သူ့ကို မဖမ်းမိသေးပါဘူး။

ကိုထွန်းမြင့်အောင်ဟာ အဲဒီလိုထွက်ပြေးတိမ်းရှောင်နေရင်း မိုဘိုင်းဖုန်းတစ်လုံးရယ်၊ BBC တို့ DVB တို့ ကနေလွှင့် တဲ့ စစ်အစိုးရ ဆန့်ကျင်တဲ့သတင်းတွေကို နားထောင်ဖို့ သယ်ဆောင်ရလွယ်ကူတဲ့ တရုတ်နိုင်ငံလုပ် ရေဒီယို တစ်လုံးရယ် သူနဲ့ အမြဲသယ်ဆောင်သွားပါတယ်။ “အခုအချိန်မှာ ဖုန်းနဲ့ ရေဒီယိုက ကျနော့်အတွက် တော်တော် အရေးကြီးပါတယ်။ ကျနော်ဘယ်ကိုသွားသွား အဲဒါ နှစ်ခုကတော့အမြဲပါတယ်။ ကျနော်အိပ်ရင်လည်း အိပ်ယာဘေး မှာ အမြဲထားပြီးအိပ်တယ်” လို့ သူကဆိုပါတယ်။

အင်တာပရက်စ် ဆားဗစ် (Inter Press Service) ဋ္ဌာနက သူ့ကိုဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာ “အပြင်က ကျနော့်ရဲ့ သူငယ်ချင်းတွေကိုဆက်သွယ်ဖို့ ဒီဖုန်းလေးကိုဘဲသုံးနေရတယ်။ ပြီးတော့ ပြည်တွင်းလှုပ်ရှားမှုတွေကို လည်း ဒီ ရေဒီယို နဲ့ ဖုန်းကနေ တစ်ဆင့်သိရတယ်” လို့ သူကပြောပါတယ်။ ဒါပေမယ့် သူ့ရဲ့အိပ်ဆောင် တက်က်ဆန်မ် (Tecsum) ရေဒီယိုလေးကနေ လက်ရှိ စစ်အစိုးရရဲ့ ညှဉ်းပန်းနှိပ်စက်မှု သတင်းတွေကိုလည်း ကြားနေရပါတယ်။


“ဒီရေဒီယိုလေးက ကျနော့်အတွက် နဲ့ ကျနော်တို့တစ်တွေရဲ့ လှုပ်ရှားမှုတွေအတွက် အသုံးပြုနေတဲ့လက်နက် တစ်ခုပါ” လို့ သူကပြောပါတယ်။”


သူ့စကားထဲမှာပါတဲ့ “ကျနော်တို့” ဆိုတာကတော့ ရက်ရက်စက်စက်နှိပ်ကွပ်နေတဲ့ စစ်အာဏာရှင်ခေါင်းဆောင်တွေ ကို ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ထိပ်တန်းကနေ ဦးဆောင်ခဲ့တဲ့ “၈၈ မျိုးဆက်ကျောင်းသားတွေ” ပါဘဲ။ ၈၈ မျိုးဆက်ကျောင်းသားအုပ်စုဟာ လူပေါင်း ၃၀၀၀ ကျော်သေဆုံးခဲ့တဲ့ ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုကနေ ပေါ်ထွန်းလာခဲ့တာ ဖြစ်ပါတယ်။၂၀၀၇ ခုနှစ် သြဂုတ်လအထိ ကိုထွန်းမြင့်အောင် ဟာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် တို့နဲ့ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ အဲဒီလမှာဘဲ ကိုမင်းကိုနိုင် နဲ့ အခြားထင်ရှားတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကို အာဏာပိုင်တွေကဖမ်းဆီးခဲ့ပါတယ်။

အသက် ၄၀ နှစ် ရှိပြီဖြစ်တဲ့ ကိုထွန်းမြင့်အောင်ဟာ အခုထိ ဖမ်းဆီးမှုတွေအကြားက ရှောင်တိမ်းပြေးလွှာနေရတုန်း ပါ။ တခါတရံမှာ ပုန်းစရာမရှိလို့ လမ်းမတွေ၊ လမ်းကြိုလမ်းကြားတွေမှာ အိပ်ခဲ့ရတဲ့ညတွေလည်း ရှိပါတယ်။ သူ့လိုဘဲ ၈၈ မျိုးဆက်ကျောင်းသားတွေထဲက ယခုထိ ထွက်းပြေးတိမ်းရှောင်နေရသူနှစ်ဦးကတော့ မနီလာသိန်း နဲ့ ကိုစိုးထွန်း တို့ပါ။

ကိုထွန်းမြင့်အောင် အနေနဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအရေးအခင်းတွေမှာ ရှေ့တန်းကနေ ပါဝင်ခဲ့ပါတယ်။ စက်တင်ဘာဆန္ဒပြပွဲဟာ မြန်မာ့သမိုင်းမှာ စစ်အာဏာရှင်ကို တော်လှန်တဲ့ ထူးခြားတဲ့ တိုက်ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ဒါတောင် စစ်အစိုးရက သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံဖို့ မေလမှာ ပြည်သှူ့ဆန္ဒခံယူပွဲကျင်းပဦး မယ်လို့ဆိုထားပါတယ်။ ဒါဟာ အတိုက်အခံ နိုင်ငံရေးသမားတွေနဲ့ ဗမာပြည်သူလူထုကို ရှေ့ခြေတစ်လှမ်းတိုးပြီး စိန်ခေါ်လိုက်တာပါဘဲ။

“ကျနော်တို့ဘက်ကလည်း နအဖ ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်ရေးဆွဲ ထားတဲ့ ဥပဒေမဟုတ်ဘူးဆိုတာကို ပြည်သူတွေကို ရှင်းပြရမှာဘဲ။ အခုလည်း နအဖ ရဲ့ ပြည်သူ့ဆန္ဒခံယူပွဲဟာ လွတ်လပ်ပြီး တရာမျှတမှုရှိမှာ မဟုတ်ဘူးဆိုတာ ကျနော်တို့ပြောခဲ့ပြီးပြီ” လို့ ကိုထွန်းမြင့်အောင်က ပြောပြပါတယ်။ “ဒါပေမယ့် ပြည်သူတွေက မဲဆန္ဒပေးရင်တောင် ‘No’ ဆိုတဲ့အဖြေကိုဘဲ ပေးရမှာပါ။

အာဏာရှင် စစ်အစိုးရက သူတို့ရဲ့ စစ်ဥပဒေကို တရားဝင်လာအောင်လုပ်တာကို ပြည်သူတွေက ဆန့်ကျင်ရမယ်။ ကျနော်တို့အနေနဲ့ ပြည်သူ တွေကိုပြောချင်တာကတော့ နအဖ ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းစွာ ဆန့်ကျင်သွားဖို့ပါဘဲ။ ကျနော်တို့ ဘက်ကလည်း ဖုန်းနဲ့ရော၊ အခြားနည်းလမ်းတွေနဲ့ပါ ကျနော်တို့ရဲ့ ရဲဘော်ရဲဘက်တွေကို ဒီသတင်းကို ပြည်သူတွေဆီကို ဖြန့်ဝေဖို့ ပြောထားပါတယ်” လို့ သူက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ “ကျနော်တို့ရဲ့ လုပ်ဆောင်ချက်ကတော့ နအဖ ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန့်ကျင်ဆန္ဒပြဖို့ ပြည်သူလူထုတွေ ပိုပြီးပူးပေါင်းပါဝင်လာဖို့ ပါဘဲ။ ကျနော်တို့ကိုယ်တိုင်လည်း အမြဲတမ်းလှုပ်ရှားနေပါတယ်။ ဒီလှုပ်ရှားမှုဟာ တစ်ဦးတစ်ယောက်တည်း အပေါ်မှာ မူတည်တာမဟုတ်ပါဘူး။ ဒီတော့ အားလုံးပူးပေါင်းပါဝင်လှုပ်ရှားကြပါလို့ဘဲပြောချင်ပါတယ်” လို့ သူက သူ့ရှဲ့ဆန္ဒကို အခုလိုထုတ်ဖော်ပြောကြားသွားပါတယ်။

၈၈ မျိုးဆက်ကျောင်းသားတွေကတော့ နအဖ ရဲ့ ပြည်သူ့ဆန္ဒခံယူပွဲနဲ့ပက်သက်ပြီး သူတို့ရဲ့သဘောထားကို ဖေဖော်ဝါရီလလယ်လောက်ကထုတ်ဝေတဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြသွားပြီးပါပြီ။ အဲဒီကြေငြာချက်ထဲမှာ “မေလမှာ ကျင်းပမယ့် ပြည်သူ့ဆန္ဒခံယူပွဲဟာ နအဖ စစ်အစိုးရက ဗမာပြည်သူလူထုကို စစ်ကြေငြာလိုက်တာဘဲ” လို့ ဖော်ပြထားပါတယ်။

နောက်ထပ်ကြေငြာချက်တစ်ခုကတော့ နအဖကို ငွေကြေးတွေ ထောက်ပံ့နေတဲ့ တရုတ်အစိုးရ ကို ဆန့်ကျင်ရှုံ့ချပြီး၊ ဒီနှစ်နွေရာသီမှာ ကျင်းပမယ့် ဘေဂျင်းအိုလံပစ်ကို သပိတ်မှောက်ဖို့ ကြေငြာတဲ့ ကြေငြာချက် ပါ။ ကိုထွန်းမြင့်အောင်က အခုလိုပြည်တွင်းမှာ စစ်အစိုးရကို ဦဆောင်ဆန့်ကျင်ရတာကို သဘောကျတယ်လို့ ဆိုပါတယ်။ “တာဝန်ကတော့ ကြီးတာပေါ့ဗျာ။ ဒါပေမယ့် စိတ်လှုပ်ရှားစရာလည်း ကောင်းတယ်” လို့ ဆိုပါတယ်။ “ကျနော့်အနေနဲ့ စိတ်ဓာတ်မကျပါဘူး။ စစ်အစိုးရကို ရတဲ့နည်းနဲ့ တတ်နိုင်သလောက် ဆန့်ကျင်ဖို့ဘဲ စိတ်အားထက် သန်ပါတယ်။ ဒါမှလည်း ကျနော်တို့ပြည်သူတွေ နဲ့ ထောင်ထဲမှာရောက်နေတဲ့ ကျနော်တို့ရဲ့ ညီအစ်ကို၊ ရဲဘော်ရဲဘက်တွေကို ကူညီရာရောက်မှာပါ” လို့ ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်ရင်း တစ်ယောက်တည်းနေနေရတဲ့ အချိန်တွေမှာတော့ လှုပ်ရှားမှုတွေလုပ်ဖို့အခြေအနေ မပေးသေးလို့ ခဏတော့ သည်းခံပြီးစောင့်ရပါတယ်။ ကိုထွန်းမြင့်အောင်ဟာ ထောင်တွင်းအဆိုးဝါးဆုံးအခြေအနေ ကို အင်းစိန်ထောင်ထဲမှာ ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရပြီးပါပြီ။ သူဟာ ၁၉၉၀ ခုနှစ်က အဖမ်းခံခဲ့ရပြီး၊ အင်းစိန်ထောင်မှာ သုံးနှစ် အချုပ်နှောင်ခံခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက သူဟာ ရန်ကုန်တက္ကသိုလ်မှာ ပထ၀ီဝင် အဓိကနဲ့ ကျောင်းတက်နေတာပါ။ သူ့ကို ဖမ်းဆီးထောင်ချခဲ့တဲ့ကြောင်းကတော့ ၈၈ အရေးအခင်းမှာ ဦဆောင်ပါဝင် ခဲ့လို့ပါဘဲ။ ထို့နောက် ၁၉၉၈ မှာ တစ်ကြိမ် အဖမ်းခံခဲ့ရတာ ၂၀၀၅ ခုနှစ်အထိပါဘဲ။ “ကျနော့် မိသားစုနဲ့ စကားမပြောရတာ တော်တော်ကြာပါပြီ။ ကျနော်သူတို့နဲ့ ဆက်သွယ်လို့မရပါဘူး။ ဘာလို့လဲဆိုတော့ ရန်ကုန်မှာ ရှိတဲ့ကျနော့်အိမ်ကို အာဏာပိုင်တွေက စောင့်ကြည်နေလို့ပါ။ ကျနော့်အိမ်ကိုရော၊ ကျနော့်တူတွေ၊ တူမတွေကို ပါသတိရတယ်” လို့ သူ့ရဲ့ခံစားချက်ကိုလည်းပြောသွားခဲ့ပါတယ်။

အဲဒီလို ပင်ပင်ပန်းပန်းပြေးလွှားရင်း အာဏာပိုင်တွေရဲ့ သဲကြီးမဲကြီး လိုက်လံရှာဖွေမှုတွေ အောက်မှာ အိပ်ရေးပျက်တဲ့ ညတွေလည်းရှိပါတယ်လို့သူကဆိုပါတယ်။ “လမ်းပေါ်မှထူးထူးခြားခြား အသံတစ်ခုခုကြားရတယ်၊ ခွေးတွေလည်းဟောင်တယ်ဆိုရင် ကျနော်ထပြီး အကဲခတ်တယ်။ ဘာသံလဲပေါ့” လို့ သူ့ရဲ့ ခက်ခဲတဲ့အခြေနေကို ပြောပြပါတယ်။

ပြီးတော့ သူ့ရဲ့ ကျန်းမာရေးနဲ့ပက်သက်လို့ မေးကြည့်တော့ “ကျနော်ဖျားနာလို့ မဖြစ်ဘူး။ ကျနော်နေမကောင်းဖြစ်ရင် ဆေးခန်းသွားရတာ ဒုက္ခရောက်လို့ပါ။ ကျနော့်ကျန်းမာရေးကို ကျနော်ဂရုစိုက်ပါတယ်” လို့ ကျန်းမာရေးနဲ့ပက်သက် ပြီး သူ့ရဲ့ သွားရေးလာရေး ခက်ခဲပုံကို လည်းရှင်းပြသွားပါတယ်။

“ကျနော်အရမ်းကံကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ကျနော့်ရဲ့ဓာတ်ပုံကို ပြီးခဲ့တဲ့ ဆန္ဒပြပွဲတုန်းက ဘယ်သူ့မှ မရလိုက်တဲ့အတွက်ကြောင့်ပါ။ စစ်အစိုးရကတော့ ကျနော်တို့ ကျောင်းသားခေါင်းဆောင်တွေအားလုံးကို ဖမ်းချင်နေတာပါ။ ဖမ်းလည်းဖမ်းနေပါတယ်။ ဒါပေမယ့် ကျနော့်ရဲ့ ကံကြမ္မာကိုတော့ ကြိုတင်ခန့်မှန်းလို့ မရပါဘူး။ ထောင်ထဲကို အချိန်မရွေး ရောက်ချင်လည်း ရောက်သွားနိုင်တယ်” လို့ ကိုထွန်းမြင့်အောင်က ထွက်ပြေးတိမ်းရှောင် နေရတဲ့ကြားက သူ့ရဲ့ယခုလက်ရှိ အခြေအနေနဲ့ပက်သက်ပြီး အခုလို ပြောပြသွားခဲ့တာပါ။

(ကိုမိုးသီးဇွန် ဘလော့မှ ကူးယူဖော်ပြပါသည်)

0 comments: