Saturday, February 2, 2008

ကျောင်းသားကိုင်တဲ့လက်နက်

ဗသြ

နိုင်ငံရေးနည်းနဲ့ မရနိုင်တာကို ရယူဖို့အတွက် လက်နက်ကိုကိုင်ကြတယ်။ အာဏာရထားတဲ့လူက သူ့အာဏာကို နိုင်ငံရေး နည်းနဲ့ထိန်းမထားနိုင်တဲ့အခါမှာ လက်နက်သုံးပြီးဖိနှိပ်တာတွေရှိတယ်။ (တခါတလေတော့ ဥပဒေကိုကျင့်သုံးတယ်လို့အကြောင်း ပြတတ်တယ်၊ ဒါပေမဲ့ဥပဒေဆိုတာရဲကနောက်မှာ လက်နက်ကိုင်ထားတဲ့ ပုလိပ်၊ စစ်တပ်စတာတွေရှိတယ်)။

အဲဒီလိုပဲ အာဏာ ရမထားတဲ့ သူတွေဟာလည်း ကိုယ့်အသက်ရှင်တည်ရှိမှုကို ကာကွယ်ဖို့အတွက်နဲ့ ကိုယ့်ရည်မှန်းချက်ကိုရယူဖို့အတွက် တခြား ဘယ်နည်းလမ်းမှ မရှိတော့တဲ့အခါမှာ လက်နက်ကိုရှာကြတယ်။ စွဲကိုင်ကြတယ်။ ဒါဟာ လူသားသမိုင်းအစကတည်းက တည်ရှိခဲ့တဲ့ တရားဖြစ်တယ်။ ဒီတရားကို ဖုံးကွယ်ထားတာ၊ ငြင်းဆိုတာဟာ အာဏာရထားသူ၊ ဒါမှမဟုတ် သူတို့နဲ့အယူအဆတူတဲ့လူတွေပဲ။

ဘာပဲပြောပြော လက်နက်ကိုကိုင်တယ်ဆိုတယ် နောက်ဆုံးရွေးချယ်မှုသာဖြစ်တယ်။ ဆိုလိုတာ အဖိနှိပ်ခံတွေ၊ လက်နက်မဲ့ တွေဘက်က။ အဲဒီလိုနောက်ဆုံးကျမှ လက်နက်ကိုင်သူတွေထဲမှာတောင် ကျောင်းသားတွေဟာ လူ့အလွှာအားလုံးထဲမှာ နောက်ဆုံးမှဖြစ်တတ်ပါတယ်။

သဘာဝကျစွာပဲ ဆင်းရဲချမ်းသာမရွေး ဘယ်မိဘမဆို ကိုယ့်သားသမီးကိုယ် ရွှေပေါ်မြတင် တင့်တယ်ထွန်းကားစေချင်တာ ချည့်။၊ သာမန်အားဖြင့် ဘယ်သူမှကိုယ့်သားကိုယ်သမီးကို တောကြိုအုံးကြားမှာ သေနတ်ကိုင်ပြီး ငတ်တလှည့်၊ ပြတ်တလှည့် အသက်ရှင်နေထိုင်တာ မတွေ့လိုဘူး။ ထောင်တန်းကျတာတောင် မတွေ့လိုဘူး။

ဒါပေမဲ့ -ဒီဘက်ခေတ်ကမ္ဘာ့သမိုင်းမှာ ပေါ်ပေါက်ခဲ့တဲ့ လက်နက်ကိုင်အရေးတော်ပုံကြီးတွေထဲမှာ ကျောင်းသားတွေပါဝင်ခဲ့တာ မနည်း ပါဘူး။ ကျောင်းသားတွေဆိုရာမှာ ခေါင်းဆောင်ပိုင်းမှာ ပါရှိတတ်တဲ့ ကျောင်းသား တဦးစ၊ နှစ်ဦးစကိုဆိုလိုတာမဟုတ်ဘူး။ အရေး တော်ပုံတပ်သားထုကြီးထဲက ကျောင်းသားအများအပြားကို ဆိုလိုတာ ဖြစ်တယ်။

တရုတ်ပြည်မှာ ဂျပန်ခုခံဆန့်ကျင်ရေး ကာလကို ရောက်လာတော့ မြို့အသီးသီးကကျောင်းသားတွေ ယင်အန်းအခြေခံ ဒေသကိုရောက်လာတာ များလွန်းလို့ စာသင် ကျောင်းတွေ၊ တက္ကသိုလ်တွေတောင်ဖွင့်ပေးထားရတယ်။

ဗီယက်နမ်တော်လှန်ရေးမှာလည်း အလားတူပဲ။

နောက်ပြီး ဗမာပြည်က ဖက်ဆစ်ဂျပန် တော်လှန်ရေးထဲမှာလည်း အများကြီးပါခဲ့တယ်။

ဒါပေမဲ့ ဒီပါဝင်မှုတွေကို ကြည့်လိုက်ရင် လက်နက်ကိုင် တော်လှန်ရေးရဲ့သာမာန်အဆင့်မှာ ကျောင်းသားတွေ ပါဝင်လာလေ့ သိပ်မရှိဘူး။ အနည်းအကျဉ်းပဲဖြစ်မယ်။ ဒါပေမဲ့ တော်လှန်ရေးက တနိုင်ငံလုံးလက္ခဏာ၊တမျိုးသားလုံးလက္ခဏာဆောင်လာပြီဆိုရင် အုံနဲ့ကျင်းနဲ့ပါလာတာပဲ။ အထက်မှာကိုးကားခဲ့တဲ့ တော်လှန်ရေးသုံးရပ်ကိုကြည့်ပါ။ အားလုံးဟာ ပြည်ပအန္တရာယ်ကိုရင်ဆိုင်တဲ့ အမျိုးသားရေးလက်နက်ကိုင် တိုက်ပွဲကြီးတွေမို့ကျောင်းသားတွေ လက်နက်ကိုင်ပါဝင်ခဲ့ကြတာဖြစ်တယ်။ ကျောင်းသားတွေဟာ မိဘတွေနဲ့အတူ နှလုံးခုန်တယ်ဆိုတာကို မိဘတွေနဲ့အတူ တိုက်ပွဲအားလုံးမှာပါဝင်နေတာက ဖော်ပြနေတယ်။

ဒီနေရာမှာ ဗမာပြည်အခြေအနေရဲ့ ထူးခြားချက်ကိုလည်း ဖြည့်စွက်ရမယ်။ ဗမာပြည်ရဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ နယ်ချဲ့ဆန့်ကျင်တဲ့ လှုပ်ရှားမှုအရေးတော်ပုံမဟုတ်ဘူး။ ပြည်တွင်းက စစ်အာဏာရှင်အစိုးရကို ဆန့်ကျင်တိုက်ဖျက်တဲ့ အရေး တော်ပုံသာဖြစ်တယ်။ ဒါပေမဲ့ ဒီအရေးတော်ပုံဟာ တနိုင်ငံလုံးလက္ခာ၊ တမျိုးသားလုံးလက္ခဏာဆောင်လာတဲ့အခါမှာ ကျောင်း သားတွေ လက်နက်ကိုင်တော်လှန်ရေးထဲကို တောင်ပြိုသလို ပြိုဆင်းကျလာတာပဲ။

ကျောင်းသားတပ်မတော်ရယ်လိုကတောင် သီးခြား ပေါ်လာသေးတယ်။

ဒါ ကမ္ဘာမှာတောင်မရှိသလောက်ရှားတယ်။ မိဘတွေဟာ မျက်စေ့အောက်က အပျောက်မခံနိုင်တဲ့ သားချစ်၊ သမီးချစ်တွေကို သူတို့ကိုယ်တိုင် တောထဲကိုသွားစေခဲ့တယ်။

တကယ်က နိုင်ငံတခုမှာ ကျောင်းသားတွေ လက်နက်ကိုင်တဲ့အဆင့် ရောက်တယ်ဆိုတာဟာ ဒီမိုကရေစီအဆုံးစွန်ဆိတ်သုဉ်း နေတာကိုပြတာပဲ။ ကောင်းတဲ့လက္ခဏမဟုတ်ဘူး။ ကျောင်းသားတွေကိုတောင် လက်နက်ကိုင်စေတဲ့အစိုးရဆိုတာ အင်မတန် ဆိုးလွန်း၊ ညံ့လွန်းလို့သာဖြစ်တယ်။

ဘယ်လိုပဲပြောပြော၊ ဘယ်တိုင်းပြည်၊ ဘယ်တော်လှန်ရေးမှာဖြစ်ဖြစ် ကျောင်းသားထုတရပ်လုံးရဲ့ လှုပ်ရှားမှုအဓိကဂွင်ဟာ သူတို့ကျက်စားရာ ကျောင်းတွေနဲ့ မြို့ပြပဲဖြစ်တယ်ဆိုတာ မေ့လို့မဖြစ်ဘူး။ သူတို့မှာ တခြားလူ့အလွှာတွေနဲ့မတူတဲ့ သာလွန်မှု တခု ရှိတယ်။ အဲဒါက သူတို့ရဲ့မိဘတွေဟာ အလွှာပေါင်းစုံကလာကြတာဖြစ်လို့ သူတို့ရဲ့လှုပ်ရှားမှုဟာ တခြားအလွှာအားလုံးရဲ့ ထောက်ခံစာနာမှုကို အလွယ်တကူရနိုင်တာပဲ။ ဒါကြောင့် သူတို့ဟာ ဖိနှိပ်သူတွေရဲ့နှလုံးသားလို့ဆိုနိုင်တဲ့ မြို့ကြီးတွေမှာ လှုပ်ရှားမှု ဖော်လို့သိပ်အဆင်ပြေတယ်။

ဒီလိုနဲ့အနိုင်နိုင်ငံက အဖိနှိပ်ခံတွေရဲ့ လွတ်လပ်ရေး၊ လွတ်မြောက်ရေးသမိုင်းတွေမှာ ကျောင်းသားလှုပ် ရှားမှုတွေကို ဦးဆုံးတွေ့ရတာချည့်ဖြစ်တယ်။ ကျောင်းသားတွေဟာ သူတို့ရဲ့ဒီအဓိကအခန်းကို မေ့လို့မဖြစ်ဘူး၊ ဘယ်သူမှသူတို့ကို အစားမထိုးနိုင်ဘူးဆိုတာ စွဲစွဲမြဲမြဲသိနေရမယ်။

0 comments: