Wednesday, February 6, 2008

အကျပ်အတည်းအတွင်း ဦးဆောင်မှု

အောင်သူငြိမ်း
Saturday, 02 February 2008 14:03 - မြန်မာစံတော်ချိန်
မဇ္ဈိမမှကူးယူဖော်ပြသည်။


ဒေါ်အောင်ဆန်းစုကြည်က မှာလိုက်သည်။ "အကောင်းဆုံးကို မျှော်လင့်ထားပါ။ သို့သော်လည်း အဆိုးဆုံးအခြေအနေ အတွက်လည်း ပြင်ဆင်ထားရန်" အမှာပါးလိုက်သည်။ ဤအခြေအနေက အကျပ်အတည်းကို မရည်ညွှန်းပါသလော။

ကျနော် အမေရိကန်နိုင်ငံတွင် ကျောင်းတက်နေစဉ်က တိုက်တိုက်ဆိုင်ဆိုင် စက်တင်ဘာ (၁၁) တိုက်ခိုက်မှုကြီး ဖြစ်ပွားခဲ့သည်။ များမကြာမီပင် အမေရိကန် ပြည်ထောင်စုက လူသူလက်နက်စုကာ အာဖဂန်နစ္စတန်ရှိ တာလီဘန်များကို စစ်ကြေငြာ ၀င်တိုက်ခဲ့တော့သည်။ နိုင်ငံတကာ မဟာမိတ်များကို စုရုံး၍၊ မိမိပြည်တွင်း လူထုထောက်ခံမှုကို အရယူ၍ အာဖဂန်စစ်ကို ပြတ်ပြတ်သားသား နွှဲခဲ့သည်။ မှန်သည်ဖြစ်စေ - မှားသည်ဖြစ်စေ သမတဘုရှ်က အကျပ်အတည်း အခြေအနေကို သူ့နည်းသူ့ဟန်ဖြင့် တုံ့ပြန်ခဲ့သည်။ ဤနောက်ပိုင်းတွင်တော့ ကျောင်းထဲတွင် ဆွေးနွေးစရာ ကိစ္စများ၊ အစည်း အဝေးများ၊ ဆီမီနာများ ဆက်တိုက် ဖြစ်လာခဲ့သည်။ "အကျပ်အတည်းအတွင်း ဦးဆောင်မှု" (Leadership on line) ဟူ၍ ခေါင်းစဉ်တပ်ခါ ပညာရှင်ပေါင်းစုံက ရှုထောင့်ပေါင်းစုံဖြင့် ဆွေးနွေးခဲ့သည်ကို မိမိကြားနာခဲ့ရသည်။

ပြောရမည်ဆိုလျှင် မေ (၃၀) ဒီပဲယင်း လုပ်ကြံမှုကြီးက မြန်မာနိုင်ငံ၏ "စက်တင်ဘာ (၁၁) အတိုင်းအတာနှင့် ညီမျှသည့်" အကြမ်းဖက်မှုကြီး ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အဖွဲ့ဝင်များ ကားတန်းကို စစ်အစိုးရက ဦးဆောင်၍ အမာခံ လူရမ်းကားများဖြင့် ကျူးလွန်ခဲ့ကြသည့် နိုင်ငံတော် အကြမ်းဖက်မှုကြီး ဖြစ်သည်။ ဤမေ (၃၀) အခြေအနေက အကျပ်အတည်း မမြည်ပါသလော။ ပြောရလျှင် မြန်မာပြည်သူများနှင့် အတိုက်အခံ ခေါင်းဆောင်များ၏ တုံ့ပြန်မှုများက အားနည်း လှသလို၊ နှေးကွေးလှသည်ဟုလည်း ဆိုနိုင်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များက အငိုက်မိ နေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အခန့်မသင့်လျှင် သေသွားနိုင်သည့် ကိန်းရှိသော်လည်း၊ ဒေါ်စုကို ချစ်သည့် ပြည်သူများက ဒေါသဖြင့် တုံ့ပြန်မှု မတွေ့ခဲ့ကြရ။ လမ်းမများပေါ်တွင် ဆူပူရုန်းရင်း ဆန်ခတ်မှုများ မရှိ။ ကားတာယာများ မီးလောင်မနေ။ မီးပွိုင့် များလည်း မကွဲမကျိုး။ သတင်းယူရန်သွားသည့် နိုင်ငံခြား သတင်းထောက်များပင် လက်ပလာဖြင့် ပြန်ခဲ့ရသည်။ ဤသို့ လူထု လှုပ်ရှားမှု ပေါ်ပေါက်စေရန် အတွက် လှုံ့ဆော်မှုများကိုလည်း မတွေ့ခဲ့ကြရ။

ပြည်ပ အခြေစိုက် အဖွဲ့အစည်းများ၏ တုံ့ပြန်မှုကလည်း အားနည်းခဲ့သည်ဟုပင် ဆိုရလိမ့်မည်။ အမေရိကန်မှ မြန်မာနိုင်ငံ လွတ်မြောက်ရေးနှင့် ဒီမိုကရေစီအရေး အက်ဥပဒေ (၂၀၀၃) (Burma Freedom and Democracy Act 2003) ချမှတ်ခဲ့သည်မှ လွဲ၍ ထူးခြားသိသာမှု မရှိခဲ့။ အရှေ့တီမော ခေါင်းဆောင် ဟိုဆေး ရားမို့စ် ဟိုတာ (Dr. Jose Ramos Horta) ထံမှ သူတို့ လှုပ်ရှားမှု အတွေ့အကြုံ ကြားခဲ့ရဖူးသည်။ အရှေ့တီမောတွင် အင်ဒိုနီးရှား ထောက်ခံသူ လက်နက်ကိုင်များက အရှေ့တီမော ပြည်သူအများကို ဒုတ်၊ ဓါးများဖြင့် သတ်ဖြတ်နေကြစဉ်တွင် ပြည်ပတွင် ရှိသည့် ဒေါက်တာ ဟိုဆေးက ဖုန်း ၃-လုံး ဖြင့် အလုပ်ရှုပ် နေခဲ့သည်။ ဒေါက်တာ ဟိုဆေးက ကုလ အထွေထွေအတွင်းရေးမှူး ကိုဖီအာနန်ကို တိုက်ရိုက် ဖုန်းခေါ်နိုင်သည်။ အမေရိကန်သမတ ကလင်တန်၏ အိမ်ဖြူတော်ထံ တိုက်ရိုက် စကားပြောနိုင်သည်။ တောင်ကိုရီးယား၏ ထိုအချိန်က သမတဖြစ်နေသူ ကင်ဒေးဂျုံ ကိုလည်း သူက တိုက်ရိုက် စကားပြောနိုင်ခဲ့သည်။ ဤ ကမ္ဘာ့ခေါင်းဆောင်များ၏ ဆက်စပ် ညှိနှိုင်းမှုဖြင့် နောက်ဆုံး အရှေ့တီမောသို့ နိုင်ငံတကာ ကယ်ဆယ်ရေး တပ်များ ၀င်ရေး အစီအစဉ် ဖြစ်လာခဲ့ရသည်။ ယခုတော့ မိမိတို့ အင်အားစုများတွင် ဤသို့ အရေးကြီး ဖုန်းလိုင်း (hotline) ဆက်သွယ် ကိုင်ထားနိုင်သူများ မတွေ့ခဲ့ရသေးပါ။ ဒီပဲယင်း ပြီး၍ ၄ နှစ် ကျော်ခဲ့သည့်တိုင် ဤအခြေအနေကို ပြင်ဆင် မထားနိုင်သေးပါ။

တဖန် စစ်တပ်အတွင်း ၀န်ကြီးချုပ်ဆိုသူ ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလတွင် ဗိုလ်ချုပ်ခင်ညွန့် အပါအ၀င် အရာရှိကြီး (၅၀) ကျော်၊ စီးပွားရေးသမား ၃၀၀ ကျော်ကို ဖမ်းသည်။ ထောက်လှမ်းရေး တဖွဲ့လုံး ဖျက်သိမ်းသည်။ ၀န်ကြီးဌာနများအတွင်း ယခင် လူဟောင်းများနှင့် နီးစပ်သူများကိုပါ ဖြုတ်သည်။ ၂၀၀၅ ဇွန်တွင် စစ်တပ်အရာရှိကြီး ၇၆ ဦးကို စစ်တပ်မှ အငြိမ်းစား စေ၍ နေရာရွှေ့ပြောင်းပစ်သည်။ ၂၀၀၆ မေတွင် စစ်တပ်အရာရှိ ၈၄ ဦးကို ထပ်အနားပေးပြန်သည်။ ၂၀၀၆ ဇွန်တွင် ဒု-၀န်ကြီး ၈ ဦးနှင့် တရားသူကြီးချုပ်ရုံး တရားသူကြီး တဦးကို အနားပေးပြန်သည်။၂၀၀၇ ဖေဖေါ်ဝါရီတွင် ဗိုလ်ကြီအဆင့်မှ အထက် (၈၅၀) ကို စစ်တပ်မှ ရွှေ့ပြောင်းစေပြီး၊ အရပ်ဖက်သို့ ပြောင်းစေသည်။ ၂၀၀၇ ဒီဇင်ဘာလတွင် အကောက်ခွန်ဌာနမှ အရာရှိ (၃၀၀) ကျော်ကို အရေးယူပြန်သည်။ စစ်အစိုးရ အတွင်း ဖြုတ်ထုတ်သတ် ကိစ္စများနှင့် ရှုပ်နေခဲ့သည်။ ဤသို့ စစ်တပ်အတွင်း အကွဲအပြဲ အခြေအနေများက အကျပ်အတည်း မမြည်ပါသလော။ မိမိတို့ဘက်မှ ထိရောက်သည့် ကြိုးပမ်း အားထုတ်မှုများကို မတွေ့ခဲ့ရပြန်ပါ။

၂၀၀၃ တွင်ပင် ဘဏ်များ အကျပ်အတည်း ဆိုက်သည်။ ဘဏ်အချို့ ပြိုလဲရသည်။ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံ ဗဟိုဘဏ်က ကျပ်သန်းထောင်ပေါင်း (၂၅) (အမေရိကန်ဒေါ်လာ ၂၅ သန်း) ကို ပုဂ္ဂလိကဘဏ်များသို့ ထုတ်ပေး ကူညီခဲ့ရသည်။ ဘဏ်တွင် ငွေသွင်းထားသူ တဦးကို တပတ် ကျပ် (၅၀,၀၀၀) သာ ထုတ်ပေးနိုင်တော့သည်။ ဤပြဿနာကြောင့် ဗိုလ်ချုပ်သန်းရွှေ အင်ဒိုနီးရှား ခရီးစဉ်ကို ဖျက်ရသည်။ ၅-ရက်ကြာ ရန်ကုန်တွင် ပြသရန် စီစဉ်ထားသည့် ငါးနှင့် ရေထွက်ပစ္စည်း အရောင်းပြပွဲကို ဖျက်သိမ်းရသည်။ ဘဏ်များ အခြေအနေက ထိုအချိန်မှစ၍ ထူထောင်မလာနိုင်ခဲ့။ ဓါတ်ဆီ ဈေးများ တိုးမြှင့်လိုက်သည့်အခါ ၂၀၀၇ စက်တင်ဘာတွင် ရွှေဝါရောင် တော်လှန်ရေး ဖြစ်ရသည်အထိ အုံကြွ ပေါက်ကွဲလာခဲ့သည်။ နောက်ပိုင်း ပြစ်ဒဏ်အဖြစ် ပိုမို ချမှတ်ခံကြရသည့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများ အောက်တွင် ပြန်၍စီးပွားရေး ထူထောင်လာရေး ဆိုသည်မှာ စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်တော့သည်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု ထိခိုက် ကျဆင်းလာနေသည့် အခြေအနေတွင် ရင်းနှီးမြှုပ်နှံမှုများက တိုးလာဖို့ မရှိ။ ဆုတ်ယုတ်ဖို့သာ ရှိနေတော့သည်။ ဆတိုးကဲလာနေသော လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အကျပ်အတည်းများကလည်း နောက်တကြိမ် ခပ်ကြမ်းကြမ်းလှိုင်း ဆောင့်ခံရလျှင် ခံနိုင်ဖွယ်မရှိ။ စုံးစုံးနစ်ရတော့မည်။ ဤအခြေအနေက အကျပ်အတည်း မမြည်ပါသလော။

တဖန် နိုင်ငံရေးအရ တွက်လျှင်လည်း ၂၀၀၇ ခုနှစ်တွင် (၁၄) နှစ်ကြာ ဆွဲနေခဲ့သော ညီလာခံကို ပိတ်သိမ်းလိုက်ခြင်းဖြင့် စစ်တပ်က သူ၏ လက်မောင်းကြွက်သား ညှစ်ပြဖို့ ကြိုးစားခဲ့သည်။ မည်သူပါပါ-မပါပါ လမ်းပြမြေပုံ ၇-ချက်ကို ဆက်ချီတက်မည် ဆိုနေခဲ့သည်။ ကုလ လုံခြုံရေးကောင်စီ သတိပေးချက်ကိုလည်း မမှု။ သံဃာများ၏ ပတ္တနိက္ကုဇ္ဇနကံကိုလည်း ပမာမထား။ ရဟန်းနှင့် လူထုများ၏ ဆန္ဒပြပွဲများကိုလည်း နိုင်ငံတကာ မျက်စေ့ရှေ့မှောက်တွင် အကြမ်းဖက် ဖြိုခွဲပြလိုက်သေးသည်။ လူဦးရေ ၉၀% ခန့်က ဗုဒ္ဓဘာသာ ကိုးကွယ်သည့် နိုင်ငံတွင် သံဃာများနှင့် ဗုဒ္ဓဘာသာ အဖွဲ့အစည်း၊ သာသနာကို ပုတ်ခတ်တိုက်ခိုက်သည့် ကိစ္စသည် အလွန်ကြီးလေးသည့် အမှုပင် ဖြစ်သည်။ ဤနောက်ပိုင်းတွင် ၎င်း၏ အမာခံ ကြံ့ဖွံ့၊ စွမ်းအားရှင်များဖြင့် ဆက်လက် ဖိနှိပ်၍ အကြောက်တရားဖြင့် အုပ်ချုပ်နေသေးသည်။ နိုင်ငံတကာ မိသားစုအတွက်လည်း လက်မှိုင်ချရတော့မည့်ကိန်း ဖြစ်လာခဲ့ပြီ။ ဤအခြေအနေက အကျပ်အတည်း မမြည်ပါသလော။ ပို၍ ဆိုးသည်က ဗိုလ်ချုပ် သန်းရွှေ၏ ကျန်းမာရေးက သိသိသာသာ ကျဆင်းလာသည်။ ယခု နှစ်အတွင်းပင် သေသွားနိုင်သည်ဟု ခန့်မှန်းထား၍ပင် ရနိုင်သည်။ သို့သော်လည်း စနစ်တကျ အာဏာလွှဲပြောင်း နေရာချ ထားရေးအတွက် ပြင်ဆင်ထားမှုများ မတွေ့ရသေး။ စစ်အစိုးရ၏ လုပ်ငန်းစဉ်များကလည်း ထူးခြားသည့် ပြောင်းလဲမှု မရှိ။ တနေ့ရွှေ၊ တနေ့ငွေ တနေ့ရှာ တနေ့ချက်စား ဆိုသည့် ပုံစံမျိုးဖြင့် ခရီးချီတက်နေကြသည်။

ယခုတော့ ဒေါ်စုက ပြောလာခဲ့ပြီ။ "အဆိုးဆုံးကို ရင်ဆိုင်ရန် ပြင်ဆင်ထားပါ" ဟု ဆိုသည်။ ဤအခြေအနေက တကယ့် အကျပ်အတည်းဟု မမြည်သေးပါသလော။

သို့သော်လည်း "အကျပ်အတည်း" ဟူသည့် စကားလုံးသည်ပင်၊ တဖက်တွင် "အခွင့်အလမ်း" ဟု ဘာသာပြန်၍ ရနိုင်သေးသည်။ သို့သော်လည်း သက်ဆိုင်ရာ ခေါင်းဆောင်မှု အသီးသီးက ရှေ့မတိုးသာ၊ နောက်မဆုတ်သာ အခြေအနေ (dilemma) တွင် ညိနေကြသည်။ စစ်ဗိုလ်ချုပ်များက အခွင့်ကောင်း ယူတတ်၍ ယခု အပြောင်းအလဲကို ဦးဆောင်နိုင်မည် ဆိုလျှင်လည်း သူတို့အတွက် ရွှေအခွင့်အလမ်း ဖြစ်သွားနိုင်သည်။ တိုင်းပြည်အတွက် သူရဲကောင်းများ ဖြစ်သွားနိုင်သည်။ ကယ်တင်ရှင်များ ဖြစ်သွားနိုင်သည်။ သို့သော် သူတို့ ရှေ့မတိုးနိုင်သည့် အသက်၊ အိုးအိမ်၊ စည်းစိမ် ပြဿနာလည်း ရှိနေသေးသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည်လည်း ယခုကဲ့သို့ ရှေ့မတိုး၊ နောက်မဆုတ်သာ အခြေအနေတွင် ပိတ်မိနေပြန်သည်။ သူတို့က ဆွေးနွေးပွဲ ထိုင်စောင့်နေကြသည့်နှယ် ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမိန့်ကို ထိုင်စောင့်နေကြသည့်နှယ် ရှိသည်။ လူထုကို ဦးမဆောင်နိုင်လျှင်လည်း သိက္ခာကျရခြိမ့်မည်။ ယခုကဲ့သို့ အင်အားချိနဲ့နေသည့် အနေအထားမှ ထ၍ အချိန်မသင့်ဘဲ လှုံ့ဆော်မိလျှင်လည်း ပါတီ ဖျက်သိမ်းခံရနိုင်သည်။ မတရားအသင်း ကြေငြာခံရနိုင်သည့် စစ်အစိုးရအကွက် ၀င်သွားနိုင်သည်။ အမှန်တွင်လည်း NLD အတွက် ရွေးချယ်စရာ အခွင့်အလမ်းက နည်းလှပါသည်။ ဤအခြေအနေ အောက်မှ ဖြစ်သမျှ ဆောင်ရွက်နေကြရဆဲ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု၊ အရည်အချင်းနှင့် လူထုအများက ယုံကြည် အားကိုးမှုကို အငြင်းပွားစရာ မရှိပါ။ သို့သော်လည်း အိမ်အကျယ်ချုပ် ကျနေရသည်။ တဖက်တွင်လည်း စစ်အစိုးရနှင့် စကားပြောနေရသောကြောင့် ရန်မပိုစေမည့်၊ ပြေလည်ရာ ပြေလည်ကြောင်း ရနိုင်စေမည့် စကားမျိုး ရွေးချယ်၍ သတိကြီးစွာဖြင့် ပြောနေရသေးသည်။ ပြည်ပ အတိုက်အခံ အဖွဲ့များအတွက်လည်း မေးခွန်းများ ရှိလာပါသည်။ ပြီးခဲ့သည့် ရွှေဝါရောင် တော်လှန်ရေး ကာလမှ စ၍ နိုင်ငံတကာ အာရုံစိုက်မှု တိုးတက် ရရှိခဲ့သည်။ ယခင်က နိုင်ငံရေး စိတ်မ၀င်စားသည့် လူငယ်များ တက်ကြွဝင်စားလာကြသည်။ အချို့ ပြည်သူများကလည်း သာသနာနှင့် သံဃာထိ၍ ထွက်လာကြသည်။ ပြည်ပတွင်လည်း တက်ကြွလှုပ်ရှားသူ အများအပြားက ၀ိုင်းရံလာကြသည်။ ဤအင်အားစုများကို မည်သို့စုစည်း၍ အင်အားဖြစ်အောင် လုပ်ကြပါမည်နည်း။ သို့ သော် ခက်နေသည်။

ပြည်ပရှိ ဒီမိုကရေစီအဖွဲ့များတွင် ခိုင်မာသည့် ဦးဆောင်မှု မရှိသည်မှာ လျှို့ဝှက်ချက် မဟုတ်တော့ပါ။ အကွဲ အပြဲများနှင့် အစိတ်စိတ် အမွှာမွှာ ဖြစ်နေသည်မှာလည်း ရှက်စရာ မဟုတ်ပါ။ လူအများ သိနေကြသည့်ကိစ္စပင် ဖြစ်သည်။ သို့သော်လည်း ပြောရမည်ဆိုလျှင် အချို့ အဖွဲ့အစည်းများကတော့ ပို၍ တရားဝင်မှု၊ (တနည်း) ပြောရေးဆိုခွင့် ရှိနေကြသည်ကတော့ အမှန်ပင် ဖြစ်သည်။ ဥပမာအားဖြင့် -ပြည်တွင်းတွင် NLD ဌာနချုပ်နှင့် ၈၈- မျိုးဆက် ကျောင်းသားများ အဖွဲ့တို့က အခရာ ကျပြီး၊ ပြည်ပတွင်တော့ ထိုင်း-မြန်မာ နယ်စပ်ရှိ အမျိုးသားကောင်စီ (NCUB) နှင့် အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) တို့၏ အခန်းကဏ္ဍကိုလည်း ပြည်ပတွင် ပစ်ပယ်ရန် မဖြစ်နိုင်သေးပါ။ သို့အတွက်ကြောင့် လက်ရှိ အကျပ်အတည်းကို ကျော်လွှားနိုင်ရန် ပို၍ တာဝန်ရှိနေသည်ဟု ဆိုနိုင်ပါသည်။ လက်ရှိ အခြေအနေကို ထိုင်စောင့်နေသည်ထက်၊ မိမိတို့ဖက်က တင်ကူး လှုပ်ရှားမှု (pro-active actions) များဖြင့် အပြောင်းအလဲ ဖြစ်စေရန် ဖန်တီးကြရမည် ဖြစ်ပါသည်။ ပြည်သူအများကို အနာဂတ်အတွက် မျှော်လင့်ချက် (vision) ကို ပြနိုင်ကြရန် လိုအပ်ပါသည်။

မြင်နေရသည်မှာ စိတ်ပျက်ဖွယ်တော့ ဖြစ်သည်။ အချို့ နိုင်ငံရေး အဖွဲ့အစည်းများက တောင့်တောင့်ကြီး ရပ်နေပါသည်။ ရပ်တည်ချက်ခိုင်လျှင် ပြီးရော၊ အသစ်လည်း ထိုးထွင်းကြံဆ မလှုပ်ကြပါ။ စစ်တပ်မကောင်း၊ အကုန်ရှုံ့ချ - တို့ကောင်း၊ အကုန် ထောက်ခံမူဖြင့် ရပ်နေကြပါသည်။ အချို့ကလည်း ဒေါ်အောင်ဆန်းစုကြည် ပါးလာမည့် အမိန့်စာကို ထိုင်စောင့်နေကြပါသည်။ အချို့ကလည်း ကိုယ့်ခြံစည်းရိုး ကိုယ်ကာနေကြသည်။ ဤသို့ ဗိုလ်နေမြဲ-ကျားနေမြဲ နေကြေးဆိုလျှင်ဖြင့် စစ်အစိုးရ ၀မ်းသာပါလိမ့်မည်။ သူတို့က အာဏာ ဖင်ခုထိုင်ထားပြီး နိုင်ငံကို ချရောင်းစားနေရသည် မဟုတ်ပါလား။ ထုတ်ပြန် ကြေငြာချက်များ ထုတ်နေရုံဖြင့်သာ မလုံလောက်ပါ။ တီးတိုး-လူသူ မသိသည့် အစည်းအဝေးများ တခုပြီးတခု တက်နေရုံ ဖြင့်သာ မလုံလောက်ပါ။ စနစ်တကျ ပြင်ဆင်ရတော့မည့် အချိန် ဖြစ်ပါသည်။

အကျပ်အတည်း ဆိုသည်မှာ နိုင်ငံရေး ကိစ္စများမှသာ မဟုတ်ပါ။ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များပင် ကြုံကြရသည့် ကိစ္စဖြစ်ပါသည်။ ကုမ္ပဏီများ နာမည်ပျက်ကိန်း ကြုံရသည်။ ပြိုင်ဘက်က တိုက်ခိုက်ခံရသည် စသဖြင့် ရှိတတ်ကြပါသည်။

ဤအခြေအနေတွင် ခေါင်းဆောင်မှုက ပြတ်သားဖို့ လိုအပ်ပါသည်။ ရဲရဲလှမ်းရန် လိုအပ်ပါသည်။ သံန္နိဌာန်ခိုင်ခိုင်ဖြင့် အမိန့်ပေးရန် လိုပါသည်။ မှန်သည်ဖြစ်စေ - မှားသည်ဖြစ်စေ အာဖဂန်သို့ သမတဘုရှ် စစ်သွားတိုက်လိုက်သည့် ကိစ္စကို ခေါင်းဆောင်မှု အမြင်ဘက်မှ နေ၍ မှန်သည်ဟု သုံးသပ်ကြသည်။

ထို့အပြင် ဤအကျပ်အတည်းကို ကိုင်တွယ်ရန် "အကျပ်အတည်း ထိန်းသိမ်း စီမံခန့်ခွဲရေး အဖွဲ့" (crisis management team) မျိုး ဖွဲ့ရန် လိုအပ်ပါသည်။ ကုမ္ပဏီများတွင်ပင် ဤအခြေအနေမျိုး၌ တယောက်တပေါက် အသံထွက်နေ၍ မရပါ။ လက်ငင်းကိစ္စများကို အဖွဲ့က ဆုံးဖြတ်ရပါသည်။ သတင်း မီဒီယာများကို ၎င်းအဖွဲ့က တုံ့ပြန်ရပါသည်။ အနာဂတ် မဟာဗျူဟာအတွက် ပြင်ဆင်ကြရပါသည်။ ယခု အကျပ်အတည်း ကြားထဲမှ ထွက်နိုင်မည့် အခြားရွေးလမ်းများကို စဉ်းစားကြရပါသည်။ သေချာသည်မှာ ရှိသမျှ အရင်းအမြစ် အားလုံးကို စုစည်းရန်ပင် ဖြစ်ပါသည်။ စစ်တိုက်လျှင် လူသူ၊ လက်နက်၊ ကျည် စုစည်းရသကဲ့သို့ အဖွဲ့များ၏ ထောက်ခံမှု၊ လူသား အရင်းအမြစ်၊ ရနိုင်သည့် ဘဏ္ဍာ အရင်းအမြစ်များ စုစည်းရန် လိုအပ်ပါသည်။ ထိုမျှမက ရနိုင်သည့် မဟာမိတ် အင်အားစုများ အားလုံးကိုလည်း စုစည်းရန် လိုအပ်ပါသည်။ အမေရိကန် စစ်သွားမတိုက်မီကလည်း "လိုလားသော အင်အားစုများ၏ ညွန့်ပေါင်း မဟာမိတ်အဖွဲ့" (coalition of the willing) ကို ရနိုင်သမျှ ဖွဲ့ခဲ့ကြပါ သည်။ မဟာအင်အားကြီး နိုင်ငံသည်ပင် တဦးတည်းကျဲ၍ မဖြစ်နိုင်ပါ။ သို့သော်လည်း မဟာမိတ်ဖွဲ့သည် ဆိုသည်မှာ ကြားကောင်းရုံ၊ ကျင့်ဝတ်ရေးရာအရ လျော်ညီသောကြောင့်၊ လူမြင်ကောင်းသောကြောင့် ဖွဲ့ကြခြင်း မဟုတ်ပါ။ အလုပ်လုပ်ရန် ဖွဲ့ကြခြင်း ဖြစ်ပါသည်။ အင်အားအာဏာ (power) တည်ဆောက်ရန်၊ အရင်းမြစ် စုဆောင်းရန်၊ ခေါင်းဆောင်သစ်များ မွေးထုတ်နိုင်ရန် မဟာမိတ်ဖွဲ့ကြခြင်း ဖြစ်ပါသည်။ ဤနေရာတွင် သတိပြုရန် အချက်မှာ အကြွင်းမဲ့ ညီညွတ်ရေးမျိုး (absolute unity) လုံးဝ မရနိုင်ပါ။ အဖွဲ့အချင်းချင်း အကြား တည်ရှိနေသည့် မတူညီသည့် အင်အား၊ မတူညီသည့် အကျိုးစီးပွားဆိုင်ရာ ကိစ္စများကို အသိအမှတ် ပြုကြရပါလိမ့်မည်။ အလုပ်ဖြစ်နိုင်မည့် ညီညွတ်ရေးမျိုး (functional unity) ကိုသာ တည်ဆောက်ကြရပါလိမ့်မည်။ အခြားသတိပြုရန် အချက်မှာလည်း မတူညီသည့် အကျိုးစီးပွား ခွဲဝေမှုကြောင့် နောက်ထပ် မညီညွတ်ဖြစ်ရမှုများလည်း ထပ်မံ ကြုံရနိုင်ပါသေးသည်။ ထိုမျှမက ခေါင်းဆောင် လုပ်နေသူများက ညီညွတ်သည့် သတင်းစကား (coordinate message) ကို ဆောင်ထားကြရပါလိမ့်မည်။ သတင်းမီဒီယာများနှင့် ပြောဆိုရာ၊ အင်တာဗျူးသည့်နေရာ၊ ထုတ်ပြန် ကြေငြာချက်များ ထုတ်ပြန်ရာနှင့် နိုင်ငံရပ်ခြား အသိုင်းအ၀ိုင်းများနှင့် ပြောဆိုရာတွင်ပင် ညီညွတ်နေရန် လိုအပ်ပါသည်။ ဤ သတင်းစကားများကြောင့် ပြည်သူကို မျှော်လင့်ချက် တက်စေပြီး၊ ဗျူဟာမြောက် သေချာ ပြင်ဆင်ထားသည့် သတင်းစကားများလည်း ဖြစ်ရန် လိုအပ်ပါသည်။ ထို့အပြင် အကျပ်အတည်း ဆိုက်သည့် အခြေအနေများတွင် ထိုအခြေအနေကို ထိန်းသိမ်းနိုင်ရန်အတွက် ခေါင်းဆောင်များက လူအင်အား၊ ငွေအင်အားသာမက ဦးနှောက် အင်အားကိုပါ ထည့်သွင်း သိမ်းသွင်းရန် မမေ့သင့်ပါ။ တဦးတဉာဏ် ဆိုသလို စုပေါင်း တိုင်ပင်မှုကြောင့် ပို၍ အကျိုးဖြစ်စေနိုင်ပါသည်။ အနောက်နိုင်ငံများတွင်တော့ ထိုအချိန်တွင် ခေါင်းဆောင်လုပ်သူများက လူအများ စစ်တမ်းကောက်သည့် ရလဒ်များ (polls result) ကို ကြည့်ကြသည်။ လက်ငင်း ဆောင်ရွက်ရမည့် အစီအစဉ်များ (urgent programs) ကို အကြံပေးများ၊ ဗျူဟာဆွဲသမားများနှင့် ညှိနှိုင်းရေးဆွဲကြသည်။ ထို့နောက် ခေါင်းဆောင်များက လူထုများကို လက်ငင်းအန္တရာယ်၊ ခြိမ်းခြောက်နေမှုများနှင့် ရေရှည် အန္တရာယ်များ (immediate and long-term threats) ကို ရှင်းပြကြသည်။ မျှော်လင့်ချက်ဖြင့် ပြည်သူများ လှုပ်ရှားဆောင်ရွက် ကူညီလာစေရန်လည်း ရေရှည် အမြင်များ (long-term vision) များ ဆွေးနွေး တင်ပြကြသည်။

ရွှေဝါရောင် တော်လှန်ရေးနောက်ပိုင်း အခြေအနေတွင် မြန်မာ့ ဒီမိုကရေစီ အင်အားစုများ ခေါင်းဆောင်မှု အတွင်း၌ ဤအခြေအနေများ မတွေ့ရှိရသေးပါ။ ပြည်သူလူထု၏ မျှော်လင့်ချက်ကို အသက်ဆက်စေလိုလျှင်ဖြင့်၊ လက်ရှိ အကျပ်အတည်းမှ အခွင့်အလမ်းအဖြစ် ပြောင်းလိုလျှင်ဖြင့်၊ မိမိတို့ကိုယ်တိုင် ပင်မနိုင်ငံရေး ရေစီးကြောင်းတွင် ဆက်လက်ဦး ဆောင်လိုလျှင်ဖြင့် ဤသို့ လတ်တလော - အလယ်အလတ် - ရေရှည် လုပ်ငန်းစဉ်များ ခေါင်းချင်း ရိုက်ရတော့မည့် အချိန် ဖြစ်ပါသည်။ "အကျပ်အတည်း စီမံခန့်ခွဲရေး အဖွဲ့မျိုး" ဖြင့် အခြား ရွေးချယ်စရာ နည်းလမ်းအဖုံဖုံကို ကြံဆရတော့မည့် အချိန်ပင် ဖြစ်သည်။ မိမိ ပြည်သူလူထုကို သာမက ဒေသဆိုင်ရာ နိုင်ငံများနှင့် နိုင်ငံတကာ မဟာမိတ်များသို့ တိုး၍ ထိုးဖောက် စည်းရုံးရတော့မည့် အချိန် ဖြစ်ပါသည်။ ဤအချိန်တွင် ယခင်က စည်းတုပ်နှောင်ထားသလို ဖြစ်နေခဲ့သည့် အဖွဲ့အစည်း အစွဲ၊ ကန့်သတ်မှုများကို ချွင်းချန်၍ ခေါင်းချင်းစုဆုံ၊ တူညီသော ကိစ္စ (issue) ပြဿနာများတွင် တူရာ တွဲလုပ်နိုင်ကြသည့် မဟာမိတ် ဖွဲ့စည်းပုံ အသစ်တမျိုးကို စဉ်းစားကြရတော့မည် ဖြစ်ပါသည်။ မိမိ၏ ထီးပေါင်းမိုးကို လူများများ ခိုလှုံနိုင်စေရန် အတွက်လည်း ပို၍ ကျယ်ကျယ်ပြန့်ပြန့် ထားပေးရတော့မည် ဖြစ်ပါသည်။

နောက်ဆုံးအနေဖြင့် တင်ပြလိုသေးသည်။ သို့သော်လည်း အရေးမကြီးသည့် အတွက်ကြောင့် နောက်ဆုံး တင်ပြခြင်း မဟုတ်ပါ။ ယခုတခါ စုစည်းမှု ပုံစံတွင် ယခင် ပုံစံခွက်များထဲက ထွက်ရန် လိုအပ်ပါလိမ့်မည်။ အများအပြား ပေါ်ထွန်းလာပြီး အားကောင်းကောင်းဖြင့် လှုပ်ရှားလာကြသည့် အရပ်ဖက် လူမှုအဖွဲ့များကိုလည်း ထည့်သွင်းစဉ်းစားရန် လိုပါလိမ့်မည်။ အမျိုးသမီး အဖွဲ့များကိုလည်း ချွင်းချန်ထား၍ မဖြစ်နိုင်ပါ။ နေရာ ပေးကြရပါလိမ့်မည်။ ယခင် တော်လှန်ရေး တပ်ပေါင်းစုများ ဖွဲ့စည်းပုံ စဉ်းစားချက်ဟောင်းများတွင် ဤအင်အားစုများက ကျွင်းကျန်ရစ် နေခဲ့ပါသည်။ သို့သော် ပြောင်းလဲလာသည့် ခေတ်သစ် ဆက်သွယ်ရေး နည်းပညာခေတ်တွင် ဤအင်အားစုများ၏ အစွမ်းကို လျှော့တွက်၍ မရနိုင်တော့ပါ။ ထိုမျှမက ဤအင်အားစုများကို ဖိတ်ခေါ်လာပြီဆိုလျှင် မဟာမိတ် တပ်ပေါင်းစု ပူးပေါင်း ဆောင်ရွက်မှုသည်လည်း ပုံစံအသစ် ဖြစ်ရပါလိမ့်မည်။ ယခင် အပေါ်-အောက် ဆက်ဆံရေး စနစ်မျိုးမှသည် ပို၍ တန်းတူရည်တူ အလျားလိုက် ဆက်ဆံရေး ပုံစံမျိုးသို့လည်း ခေတ်နှင့်အညီ ပြောင်းလဲလာရန် လိုအပ်ပါလိမ့်ဦးမည်။ သို့မဟုတ်ပါက မိမိတို့ လှုပ်ရှားမှုက ဤအကျပ်အတည်းများက ပေးလာသည့် အခွင့်အလမ်းများကို နောက်တကြိမ် ထပ်မံ လက်လွတ် ကြရပါဦးမည်။ နောက်ထပ် ဆယ်စုနှစ်တိုင် ပုံစံတူ အခြေအနေဆိုး၊ ထောင်ချောက်ကျင်းထဲ ကျရဖွယ် ရှိနေပါတော့သည်။

အောင်သူငြိမ်း
၂-၂-၂၀၀၈

2 comments:

Hla Phone said...

Dear Ko Aung Thu Nyein,

As my opinion your article is really good one for all Burmese people.You are right Ko Aung Thu Nyein.We all need to prepare for our future together with "Strength and Unity".
Best regards,
HP

w.w billy said...

Ko Aung Thu Nyein,
I wounder you point out east timor crises,you are good observour man,thank yuo.