(ဗသြ)
လူတွေအဖွဲ့အစည်း၊ အသင်းအပင်း ဖွဲ့စည်းတတ်၊ ထူထောင်တတ်တယ်ဆိုတာ လူ့အဖွဲ့အစည်းရဲ့ တိုးတက်မှုတရပ်ဖြစ်တယ်။ နောက်ပြီး ဒီလိုဖွဲ့စည်းတာဟာ လိုအပ်မှုကြောင့်လည်းဖြစ်တယ်။ တနည်း- ပကတိအခြေအနေရဲ့ တောင်းဆိုမှုကြောင့်လည်း ဖြစ်တယ်။ဗမာပြည်မှာ ဒီနေ့လိုအဓိပ္ပါယ်ဆောင်တဲ့ ကျောင်းဆိုတာက ကုန်းဘောင်ခေတ်ကုန်ကာနီးမှာမှ သာသနာပြုတွေကြောင့် ပေါ်လာတာ။
ကျောင်းသားဦးရေမများသေးတဲ့အဲဒီကာလမှာ သမဂ္ဂဖွဲ့စရာမလိုဘူး။ အဲဒီတုန်းက ကိုလိုနီစနစ်ဆန့်ကျင်ရေး၊ ကျောင်း သားအခွင့်အရေး ကာကွယ်ရေး စတာတွေလည်းမရှိသေးဘူး။ နောက်ပိုင်းမှာ နိုင်ငံအနှံ့ကျောင်းတွေအမြောက်အမြား ပေါ်လာမှ၊ တက္ကသိုလ်အပါ ပညာရေးလောက အတောင်အလက်စုံလာပြီးမှ ပေါ်လာတာဖြစ်တယ်။
ဗမာပြည်ကျောင်းသားသမဂ္ဂဟာ သူ့သမိုင်းနဲ့သူပေါ်ပေါက်တာ။ ၁၉၂၀ခုနှစ် အမျိုးသားသပိတ်ပြီးတဲ့နောက် ကျနရှိနေသေးတဲ့ လုပ်ငန်းတွေအတွက် ပေါ်လာတယ်လို့ဆိုရင်မမှားဘူး။ ဟုတ်တယ်၊ အင်္ဂလိပ်အာဏာပိုင်တွေကတော့ သူတို့ဆီကသမဂ္ဂတွေလို မခုတ်တတ်တဲ့ကြောင်မျိုး ဖြစ်မယ်မျှော်လင့်ခဲ့တာ။ ဒါပေမဲ့ တကယ်ဖြစ်လာတာက ဒေါင်း၊ ခွပ်ဒေါင်း။ အမျိုးသားရေးကိုလည်း ကာ ကွယ်တယ်၊ ဖြစ်သင့်တာတွေအတွက်လည်း တိုက်ပွဲဝင်တယ်။ ဒါကြောင့် ဗမာပြည်က ကျောင်းသားသမဂ္ဂဟာ နိုင်ငံရေးလိုအပ်ချက် အရ ပေါ်လာတာဖြစ်တယ်။ ဗမာပြည်ရဲ့ ထူးခြားတဲ့အခြေအနေအရ ပေါ်လာတာဖြစ်တယ်။ အင်္ဂလိပ်ကိုလိုနီကတော့ သူတို့ လို အပ်တဲ့ အရည်အချင်းပြည့် ဗျူရိုကရက်လောင်းကလေးတွေမွေးမြူနိုင်အောင် သမဂ္ဂတွေဖွဲ့စေလိုက်တာ။ ဒါကို ဗမာပြည်သား ကျောင်းသားတွေက ဗမာပြည်အတွက်လိုအပ်တဲ့ မျိုးချစ်တွေမွေးမြူပေးမယ့် သမဂ္ဂတွေအဖြစ် ဖန်တီးယူခဲ့ကြတာပဲ။
သမဂ္ဂရယ်လို့ တည်တည်ကြည်ကြည်နဲ့ ကျောင်းသားထုအသိအမှတ်ပြုတဲ့ အဖွဲ့အစည်းတခုပေါ်ပြီးတဲ့နောက်မှာ အင်္ဂလိပ် အုပ်စိုးသူဟာ ဗမာပြည်က ကျောင်းသားတွေကို ပေါ့ပေါ့ဆဆမဆက်ဆံရဲတော့ဘူး။ သူတို့မျက်နှာဖြူဆရာတွေကို လက်အုပ်ချီခိုင်း တာမျိုး၊ ဘုရားထူးခိုင်းတာမျိုး မလုပ်ရဲတော့ဘူး။ ကိုလိုနီလက်အောက်ခံတွေလို မဆက်ဆံရဲတော့ဘူး။ နောက်ပြီး ဗမာပြည်နိုင်ငံရေး မှာ မငြင်းပယ်နိုင်တဲ့ အင်အားတရပ်ပေါ်လာပြီဆိုတာလည်း အသိအမှတ်ပြုလာရတယ်။တဘက်မှာလည်း ကျောင်းသားတွေအဖို့ သမဂ္ဂမရှိရင် ဘာမှမရှိဘူး။ အုပ်စိုးသူပြုသမျှနုပေတော့။ ကျောင်းသားချင်း အိုးမဲ သုတ်ပြီးချခိုင်းလည်း ချကြတော့မှာပဲ။ နောက်အရေးကြီးတာက နောင်ဗမာပြည်ရဲ့ ပညာတတ်နဲ့ ခေါင်းဆောင်လုပ်မယ့်လူတွေဟာ သမဂ္ဂမရှိတဲ့အတွက် သမိုင်းဆက်ပြတ်၊ ပြည်ချစ်စိတ်ခေါင်းပါးပြီး သိပ္ပံနည်းကျတဲ့ နိုင်ငံရေးအသိကိုလည်း ရမှာမဟုတ်ဘူး။ စဉ်းစား ကြည့်ပါ။ ကျောင်းသားသမဂ္ဂသာ မရှိခဲ့ရင် သခင်အောင်ဆန်း၊ သခင်ဗဟိန်း စသူတွေဟာ ဗမာပြည်နိုင်ငံရေးဇာတ်ခုံပေါ်ကို ရောက် လာပါ့မလား။ ရောက်လာတယ်ဆိုရင်ရော အဲဒီသမဂ္ဂသမိုင်းမရှိခဲ့ပဲနဲ့ သူတို့ကိုအသိအမှတ်ပြုနေရာပေးပါ့မလား။ ဗမာပြည် နိုင်ငံရေးရဲ့ ထိပ်ပိုင်းမှာ သူတို့သာမပါဘူးဆိုရင် ဘယ်လိုဖြစ်မလဲ။ ကလီယိုပက်ထရာရဲ့ နှာခေါင်းသာ နည်းနည်းပိုရှည်ခဲ့ရင်ဆိုတဲ့ ကိစ္စမျိုးမို့ မဆွေးနွေးတော့ဘူး။
ဒီလိုနဲ့များပြားလှတဲ့တိုက်ပွဲစဉ်တွေ၊ အကျအဆုံးတွေ၊ အာဇာနည်တွေပေါ်ထွက်ခဲ့ပြီးနောက်မှာ သမဂ္ဂဟာ ကျောင်းသားထုရဲ့ တပ်ဦး၊ ကျောင်းသားထုရဲ့ခံကတုတ်။ သမဂ္ဂဟာကျောင်းသားထုရဲ့ဂုဏ်။ နောက်ပြီး နိုင်ငံရဲ့ဂုဏ်၊တမျိုးသားလုံးရဲ့ဂုဏ်ဖြစ်လာတယ်။ လွယ်လွယ်နဲ့တော့ ဒီအဆင့်ရောက်လာတာမဟုတ်ဘူး။ ဗိုလ်အောင်ကျော်၊ မန္တလေးအာဇာနည် ၁၇ဦးစသူတွေရဲ့ အသက် သွေးတွေ၊ သခင်အောင်ဆန်း၊ သခင်ဗဟိန်းစသူတွေရဲ့ အခန်းတွေ။ နောက်ပြီးခေတ်အဆက်ဆက် သာမာန်ကျောင်းသားတွေက သာမာန်မဟုတ်တဲ့သမိုင်းကို အတူရေးခဲ့ကြလို့ပဲ။ တနည်း ညီညွတ်ခဲ့ကြလို့ပဲ။သမဂ္ဂညီမျှခြင်း ညီညွတ်ခြင်းလို့အဓိပ္ပာယ်ရတယ်။မညီညွတ်ရင်သမဂ္ဂရဲ့အခန်း မထွန်းကားဘူး။ ဗမာပြည်နိုင်ငံရေးမှာ ကွန်မြူ နစ်၊ ဆရှယ်လစ်စသဖြင့် ကွဲကြတယ်ဆိုတာ သမဂ္ဂအပြင်ကို ရောက်မှကွဲကြတာ။ သမဂ္ဂထဲမှာတုန်းက တစိတ်ထဲတ၀မ်းထဲပဲ။ အပြင်ရောက်မှကွဲကြတာလည်းမဆန်းဘူး။ ဒါပေမဲ့ သမဂ္ဂသံယောဇဉ်၊ အရှိန်သြဇာတွေရှိနေတော့ ၁၃၀၀ပြည့်အရေးတော်ပုံမှာ အားလုံးညီညီညွတ်ညွတ်နဲ့ ပါဝင်ဦးဆောင်နိုင်ခဲ့ကြတယ်။
ရှစ်လေးလုံးအရေးတော်ပုံကျတော့ အဲဒီစိတ်ဓာတ်တွေကို ပြန်လှုံ့ဆော်တဲ့အခါမှာ ကျောင်းသမဂ္ဂနဲ့ ၁၃၀၀ပြည့်တုန်းက ပါခဲ့သူတွေအားလုံးလိုလို ပြန်နိုးထလာကြ၊ တတ်နိုင်သလောက် ပါဝင်လာကြတယ်မဟုတ်လား။ သမဂ္ဂမှာပါဝင်လုပ်ကိုင်ဖူးသူတိုင်းကို မေးကြည့်ပါ။ စစ်အုပ်စုနောက်လိုက်ခွေး၊ သစ္စာဖောက်လောက်ကလွဲရင် ဘယ်သူမဆို ကိုယ်လုပ်ခဲ့တာအတွက်- နည်းနည်း များများ- ဂုဏ်ယူနေတာကိုတွေ့ရမှာပဲ။
ဒါကြောင့် ကျောင်းသားအရေး၊ နိုင်ငံ့အရေးကို အလေးထားသူတိုင်းဟာ ကျောင်းသားသမဂ္ဂတည်တံ့ရေးအတွက် လုံးပမ်း ရမယ်။ ဒီတာဝန်ဟာ ကျောင်းသားတွေမှာသာရှိတာမဟုတ်ဘူး။ ကျောင်းသားသမဂ္ဂလိုအပ်မှုကို အမြဲလှုံ့ဆော်နေရမယ်။ ကျောင်း သားသမဂ္ဂ တညရှိရေးအတွက် အမြဲကြံဆလုံးပမ်းနေရမယ်။ ကျောင်းသားသမဂ္ဂတစည်းတလုံးထဲ ရှိရေးကို အမြဲနှလုံးသွင်းထား ရမယ်။ကျောင်းသားသမဂ္ဂဟာ ကိုလိုနီဖိနှိပ်မှုနဲ့ ဂျပန်ဖက်ဆစ်ဖိနှိပ်မှုအောက်မှာ မပျောက်ပျက်ခဲ့ဘူး။ ကမ္ဘာစစ်ကြီးဖြစ်လို့လည်း မပွန်းမပဲ့ဖြတ်သန်းလာခဲ့တယ်။
စစ်အုပ်စုနဲ့ စစ်အစိုးရဟာ အဲဒီကိုလိုနီသမားတွေ၊ ဖက်ဆစ်တွေလုပ်လို့ မအောင်မြင်တဲ့ကိစ္စကို သူတို့ကပိုရက်စက်ပြပြီး အောင်မြင်အောင်ကြိုးစားနေတယ်။ ကျောင်းသားသမဂ္ဂဆိုတာ ဖီနစ်ငှက်လိုပဲ မီးတောက်မီးလျှံအကြားက ပျံတက်လာတာပဲ ဆိုတာ ဒင်းတို နားကိုမလည်နိုင်ဘူး။
Thursday, January 31, 2008
ကျောင်းသားဖွဲ့တဲ့သမဂ္ဂ
သတင်းတင်သူ... thanhtut at 8:01 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment