Wednesday, January 16, 2008

ဂျပန်အလှူငွေများကို ပြန်လည်ဆန်းစစ်ရန် လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

မြန်မာပြည်က ငြိမ်းချမ်းစွာဆန္ဒပြကြတဲ့ ရဟန်းရှင်လူ ပြည်သူအများကို အစိုးရက နှိပ်ကွပ်ပြီး သတင်းယူနေတဲ့ ဂျပန်သတင်းထောက် ကန်ဂျိနာဂါအိ ပစ်သတ်ခံရလို့ မြန်မာပြည်ကို အထောက်အပံ့ လျှော့ချထားခဲ့ရာကနေ အခု အထောက်အပံ့ အမေရိကန်ဒေါ်လာ တသန်းခုနှစ်သိန်းကိုးသောင်းပေးမယ်လို့ ကတိပြုလိုက်ပါတယ်။

မြန်မာပြည်မှာ ကလေးများနဲ့ အမျိုးသမီးများကို သေစေနိုင်လောက်တဲ့ ရောဂါအတွက် ကာကွယ်ဆေးများ၊ ကုသဆေးများနဲ့ စမ်းသပ်ကိရိယာများအတွက် သုံးစွဲဖို့ဖြစ်တယ်လို့ ရန်ကုန်မြို့ရှိ ဂျပန်သံရုံးနဲ့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) တို့က ကြေညာလိုက်တာပါ။
အဲဒီလို ထောက်ပံ့ပေးမယ်လို့ သဘောတူညီချက်ကို မြန်မာပြည်ဆိုင်ရာ ဂျပန်သံအမတ် ယာဆူဝါကီ နိုဂါဝါ (Yasuaki Nogawa) နဲ့ ယူနီဆက်ဖ်ဌာနေကိုယ်စားလှယ် ရာမက်ရှရတ်စ်သာ (Ramesh Shrestha) တို့ ဒီကနေ့ လက်မှတ်ရေးထိုးကြတယ်လို့ သိရပါတယ်။သတင်းအကျဉ်းကိုအောက်မှာနားထောင်နိုင်ပါတယ်။


ဂျပန်နိုင်ငံတွင် ပြုလုပ်မည့် ဂျပန်နှင့် မဲခေါင်ဒေသ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအတွင်း ဒေသတွင်း လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်၍ ထည့်သွင်း ဆွေးနွေးသွားရန် လူ့အခွင့်အရေး စောင့်ကြည့်ရေး (Human Rights Watch) အဖွဲ့က တိုက်တွန်းလိုက်သည်။

ဂျပန် နိုင်ငံခြားရေးဝန်ကြီး မာဆာဟီကို ကိုမူရာ (Masahiko Koumura) သို့ ပေးပို့သော နယူးယောက်ခ် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့၏ အာရှတာဝန်ခံ ဆိုဖီ ရစ်ချတ်ဆန် (Sophie Richardson) ၏ စာတွင် တိုကျိုမြို့တွင် မနက်ဖြန်တွင် ပြုလုပ်မည့် အစည်းအဝေးကို အိမ်ရှင်အဖြစ် ကျင်းပမည့် ဂျပန်နိုင်ငံကို တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
“မဲခေါင်ဒေသတွင်း အကြီးဆုံး အလှူရှင်နိုင်ငံအဖြစ် ရပ်တည်သော ဂျပန်နိုင်ငံ အနေဖြင့် ဒေသတွင်း လွတ်လပ်စွာ ထုတ်ဖော်ခွင့် မရှိသည့် အခြေအနေ အပါအဝင် အခြားဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေများကို လူသိရှင်ကြား ထုတ်ဖော်ဆွေးနွေးသင့်သည်” ဟု ဖော်ပြထားသည်။

ဂျပန်နိုင်ငံက ဒေသတွင်း နိုင်ငံများသို့ ထောက်ပံ့ ပေးငွေများသည် ဆိုးရွားသော အစိုးရ အာဏာပိုင်များ လက်ထဲတွင် အလွဲသုံးစား ဖြစ်နေသည့် ကိစ္စကို စနစ်တကျ ပြန်လည် စိစစ်သင့်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံသို့ ဂျပန်က ပေးပို့သော ထောက်ပံ့ငွေများသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း၏ စီမံခန့်ခွဲမှု လက်ထဲ ရောက်သွားခြင်းမျိုးကို လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ဥပမာပေး ထောက်ပြထားသည်။

ကံ့ဖွံ့အဖွဲ့က အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီ လိုလားသူများကို တိုက်ခိုက်သော အဖွဲ့အစည်းဟုလည်း ပါရှိသည်။ ၂ဝဝ၆ ခုနှစ်တွင် ဂျပန်က မြန်မာပြည်သို့ ယန်ငွေ (၂၆) (ဒေါ်လာ ၂ သိန်း ၄သောင်း ) သန်း ထောက်ပံ့ခဲ့သည်။
“ဂျပန်နိုင်ငံ အနေနဲ့ ဒီအစည်းအဝေးမှာ လူ့အခွင့်အရေး ကိစ္စဟာ ဂျပန်နိုင်ငံခြားရေး ပေါ်လစီရဲ့ အဓိကကျောရိုး ဖြစ်တယ်ဆိုတာကို ပြဖို့ အခွင့်အရေး ရှိပါတယ်။ မြန်မာ အပါအဝင် မဲခေါင်ဒေသ လူ့အခွင့်အရေး အခြေအနေတွေ အပေါ်မှာ နှုတ်ဆိတ်နေတဲ့ ကိစ္စကို အဆုံးသတ်ဖို့ လိုပါတယ်” ဟု ရစ်ချတ်ဆန် က ပြောသည်။

အလားတူ ဂျပန်နှင့် မဲခေါင်ဒေသ နိုင်ငံခြားရေး ဝန်ကြီများ အစည်းအဝေးသို့ တက်ရောက်ရန် တိုကျိုသို့ ရောက်ရှိနေသော အမေရိကန် နိုင်ငံခြားရေးဌာနမှ လက်ထောက် အတွင်းဝန် စကော့ မာဆီရယ် (Scot Marciel) ကလည်း တရုတ်နိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများသည် မြန်မာပြည်၏ လမ်းမှား ရောက်နေသော အဖြစ်ကို တညီတညွတ်တည်း ထောက်ပြ ပြောဆိုသင့်သည်ဟု ပြောလိုက်သည်။

“တရုတ်၊ အာဆီယံ၊ ဂျပန်၊ အမေရိကန် ပြည်ထောင်စု၊ အီးယူ၊ အိန္ဒိယ အားလုံးက မြန်မာပြည်အတွက် အခုအချိန်မှာ တသံတည်း ထွက်ဖို့ အရေးကြီးပါတယ်။ အဲဒါကတော့ ကျနော်တို့ အားလုံးဟာ မြန်မာပြည် ဆန့်ကျင်ရေးသမားတွေ မဟုတ်ကြဘူး။ စစ်အစိုးရက အခု သွားနေတဲ့လမ်းဟာ လမ်းမှားဖြစ်တယ်။ ကြာလာရင် မြန်မာပြည်အတွက်သာ မကဘူး၊ ဒေသတွင်း နိုင်ငံတွေအတွက်ပါ အန္တရာယ်ဖြစ်လာမယ် ဆိုတာပါ” ဟု မာဆီရယ်က သတင်းထောက်များကို ပြောကြားသွားသည်။

မြန်မာနိုင်ငံအား ဒေါ်လာ ၁ ဒဿမ ၈ သန်းနီးပါး ထောက်ပံ့သွားမည်ဟု ဂျပန်နိုင်ငံက ယမန်နေ့တွင် ကြေညာထားသည်။ မြန်မာပြည်ရှိ ဂျပန်သံရုံးနှင့် ကုလသမဂ္ဂ အေဂျင်စီ (ယူနီဆက်ဖ်)၏ ကြေညာချက်အရ ဂျပန် ထောက်ပံ့ကြေးများသည် အမျိုးသမီးနှင့် ကလေးများအတွက် အသက် အန္တရာယ်ရှိသော ရောဂါရှိ၊ မရှိ စစ်ဆေးသည့် ကိရိယာ၊ ဆေးဝါးများအတွက် ရည်ရွယ်သည်ဟု ဆိုသည်။

ဂျပန်သည် စီးပွားရေး ပိတ်ဆို့ခံနေရသော မြန်မာပြည်၏ အဓိက အထောက်အပံ့ ပေးနေသော နိုင်ငံဖြစ်သည်။ သို့သော် စက်တင်ဘာ အရေးအခင်းအတွင်း မြန်မာစစ်တပ်က ဂျပန် သတင်းထောက်ကို ပစ်သတ်မှုကြောင့် အလှူငွေ ဒေါ်လာ (၅) သန်း မပေးတော့ပေ။
ကုလသမဂ္ဂ၏ ကိန်းဂဏန်းများအရ မြန်မာ စစ်အစိုးရသည် ဂျီဒီပီ၏ (ဝ ဒဿမ ၃) ရာခိုင်နှုန်းကိုသာ ကျန်းမာရေး ကဏ္ဍအတွက် အသုံးပြုသည်ဟု ဆိုသည်။




0 comments: