Wednesday, January 9, 2008

အခြေခံအခွင့်အရေးများ ရရှိရေး ကရင်နှစ်သစ်ကူးနေ့၌ ကေအန်ယူ တိုက်တွန်း


ကရင်တိုင်းရင်းသားတို့ ပိုမိုစည်းလုံးညီညွတ်ကြပြီး ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ရေးအတွက် ပိုမို ကြိုးပမ်းကြရန် ယနေ့ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့တွင် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က တိုက်တွန်းသည်။

ကရင့်တော်လှန်ရေး သက်တမ်းရှည်မှုကြောင့် အားငယ် စိတ်ပျက်စရာ အကြောင်းမရှိကြောင်း၊ ထိုသို့ ကြာညောင်းမှုကြောင့် ကမ္ဘာက အခြေအနေကို အမှန်အတိုင်း နားလည်ကာ ထောက်ခံလာခြင်းဖြစ်ကြောင်း ကေအန်ယူ ဥက္ကဋ္ဌ ပဒိုစောဘသင်စိန်က နှစ်သစ်ကူး မိန့်ခွန်းတွင် ပြောကြားသည်။

၎င်းက “နိုင်ငံကြီးတွေကဆိုရင် မြန်မာပြည်တွင်း ပြည်သူလူထုနဲ့ တိုင်းရင်းသားလူမျိုးများကို ပိုမိုအားပေး ထောက်ခံလာကြပြီး နအဖစစ်အုပ်စုကိုတော့ ပြတ်ပြတ်သားသား ဆန့်ကျင်လာတယ်။ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးနဲ့ သူ့ရဲ့လုံခြုံရေးကောင်စီကလည်း နအဖ စစ်အုပ်စုအနေနဲ့ ပြည်သူ ပြည်သားများ၊ တိုင်းရင်းသား လူမျိုးများ ပြန်လည် ရင်ကြားစေ့သင့်မြတ်ပြီး ညီညွတ်ရေးရအောင်လုပ်ဖို့ ပြင်းပြင်းထန်ထန် ဖိအားပေးလာတယ်” ဟု ပြောသည်။

ကရင်သက္ကရာဇ် ၂၇၄၆ မှ ၂၇၄၇ သို့ ကူးပြောင်းသည့် နှစ်သစ်ကူးနေ့အဖြစ် ကေအန်ယူ ထိန်းချုပ်နယ်မြေ တပ်မဟာ ခရိုင်အသီးသီးနှင့် ကရင်ပြည်နယ်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် နှစ်သစ်ကူး အခမ်းအနားများ ကျင်းပကြပြီး ထိုင်းနှင့် မလေးရှားနိုင်ငံတို့၌လည်း ကျင်းပကြောင်း သိရသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ကိုတာရာယာကုန်တိုက်၌ ကရင့်ရိုးရာ မပျောက်ပျက်စေရန် ရည်ရွယ်၍ ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပကြောင်း ပွဲကမကထပြုလုပ်သည့် မလေးရှားရောက် ကရင်အဖွဲ့အစည်း (MK0) ဥက္ကဋ္ဌ မန်းစိန်သန်းက ပြောသည်။

၎င်းက “ကောက်သစ်စားပွဲတော်ကို ကျနော်တို့ ရိုးရာကို ထိန်းသိမ်းတဲ့ အနေနဲ့ပဲ ကျနော်တို့ လုပ်ကြတာပါ။ အဓိကကတော့ ကျနော်တို့ ကရင်လူမျိုးတွေ သွေးစည်းညီညွတ်ကြဖို့၊ ဘယ်လိုပဲ ဘာသာစကား ကွဲပြားနေပါစေ ကရင်ဆိုတာ ကိုယ့်အမျိုးကို ကိုယ်ချစ်တဲ့ စိတ်ရှိဖို့အတွက် ကျနော်တို့ စည်းစည်းရုံးရုံးနဲ့ ကျင်းပရခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

နှစ်သစ်ကူးပွဲတော်၌ ဒုံးယိမ်းအက၊ ၀ါးညှပ်အကများဖြင့် ဖျော်ဖြေကာ နှစ်သစ်ကူးမိန့်ခွန်းနှင့် ပြည်တွင်းပြည်ပမှ ပေးပို့သည့် သ၀ဏ်လွှာများကို ဖတ်ကြားကြပြီး မလေးရှားရောက် ကရင်တိုင်းရင်းသားများနှင့် မြန်မာနိုင်ငံသားများ ထောင်နှင့်ချီလာရောက်သည်ဟု နှစ်သစ်ကူးပွဲ တက်ရောက်သူတဦးက ပြောသည်။

ထိုင်းနိုင်ငံ၌မူ ကွယ်လွန်သွားသည့် ထိုင်းဘုရင်၏ အစ်မအတွက် ၀မ်းနည်းခြင်းကာလ သတ်မှတ်ထားသဖြင့် ဘန်ကောက်မြို့နှင့် ဒုက္ခသည်စခန်းများ အပါအ၀င် ထိုင်းနိုင်ငံနေရာအချို့၌ ယခင်နှစ်များကကဲ့သို့ နှစ်သစ်ကူးပွဲတော် စည်စည်ကားကား ကျင်းပခွင့်မရဘဲ မဲဆောက်မြို့ရှိ မယ်တော် ဆေးခန်း၌သာ အခမ်းအနားတခု အကျဉ်းချုံး ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။ ။

0 comments: