Monday, December 24, 2007

နိုင်ငံရေးပြက်လုံးများပါသည့် အငြိမ့် ဗီစီဒီ ပျံ့နှံ့

နိုင်ငံရေးပြက်လုံးများပါဝင်သည့် “ဆေးရောင်စုံအငြိမ့်” အမည်ရှိ ၂ ချပ်တွဲ ဗီစီဒီ မြန်မာနိုင်ငံအတွင်း ပျံ့နှံ့လျှက် ရှိသည်။အဆိုပါအငြိမ့် ဗီစီဒီသည် တန်ဆောင်မုန်းလပြည့်ည (နိုဝင်ဘာလ ၂၄ ရက်) က ရန်ကုန်မြို့ ကန်တော်ကြီးရှိ မျှော်စင်ကျွန်း တွင်ကပြသည့် အငြိမ့်ခန်းဖြစ်ပြီး ပရိသတ်သောင်းချီကာ အားပေးခဲ့ကြသည်။၎င်းအငြိမ့်တွင် နိုင်ငံကျော်လူရွှင်တော်များဖြစ်ကြသည့် ဂေါ်ဇီလာ၊ ကင်းကောင်၊ ကျော်ထူးတို့အပါအ၀င် သီးလေးသီး လူရွင်တော်များဖြစ်သည့် ကြယ်သီး၊ ပန်းသီး၊ စိန်သီးနှင့် ဆီးသီးတို့ပါဝင်ကြသည်။ ကပြ အသုံးတော်ခံသည့် မင်းသမီးများမှာ ချောစုမျိုး၊ မြစပယ်ငုံနှင့် သစ်သစ်လွင်တို့ ဖြစ်ကြသည်။


၎င်းအငြိမ့်ခန်း၌ နိုင်ငံရေးပြက်လုံးများမပြက်ရန် သက်ဆိုင်ရာ အာဏာပိုင်များထံတွင် လူရွှင်တော် ဂေါ်ဇီလာက တာဝန်ခံ လက်မှတ်ထိုးထားရကြောင်း သိရသည်။
လူရွှင်တော်များက ဌာနဆိုင်ရာဝန်ထမ်းများ၏ လာဘ်ပေးလာဘ်ယူမှုများမှစ၍ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီ၊ ကြံ့ဖွံ့အသင်း၊ ဦးတေဇပိုင် ပုဂံလေကြောင်းလိုင်းနှင့် အမျိုးသားညီလာခံ ထောက်ခံပွဲ အစရှိသည်များကို ပရိသတ်အများ တ၀ါးဝါးရယ်မောကြအောင် ပြက်လုံးထုတ်နိုင်ခဲ့သည်။
မစ္စတာ ဂန်ဘာရီ မြန်မာနိုင်ငံသို့ရောက်ရှိစဉ်က ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းနှင့် တွေ့ဆုံ စကားပြောပုံများကို ပြက်လုံးထုတ်ခဲ့ကြသည်။
၂၀၀၆ ခုနှစ် နိုဝင်ဘာလ အတွင်းက လူရွှင်တော် ဂေါ်ဇီလာ ဒါရိုက်တာလုပ်၍ ရိုက်ကူးသည့် သီးလေးသီးနှင့် ဆေးရောင်စုံ အမည်ရှိ ဗီစီဒီ အငြိမ့်အခွေတွင် ပါဝင်သော လူရွှင်တော်ပြက်လုံးများသည် နိုင်ငံတော်ကို ထိခိုက်သည်ဟူသော အကြောင်း ပြချက်ဖြင့် ယင်းဗီစီဒီ ဖြန့်ချိခွင့်ကို အာဏာပိုင်များက ပိတ်ပင်ခဲ့သည်။
ယခင်ကလည်း နိုင်ငံကျော် လူရွှင်တော် ကိုဇာဂနာ၊ မန္တလေးမြို့မှ လူရွှင်တော် ပါပါလေးတို့ အပါအ၀င် အနုပညာရှင် တချို့ကို နိုင်ငံရေးအကြောင်းပြချက်ဖြင့် စစ်အစိုးရက အရေးယူမှုများရှိခဲ့သည်။

0 comments: