Saturday, October 13, 2007

လုံခြုံရေးကောင်စီ ထုတ်ပြန်ချက် အားမပါ

ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဌ ၏ ယမန်နေ့က ထုတ်ပြန်ချက်တွင် မြန်မာစစ်အစိုးရကို အရေးယူ ဆောင်ရွက် မည့် ဆုံးဖြတ်ချက်မပါရှိသောကြောင့် မြန်မာပြည်အခြေအနေသည် ပြောင်းလဲလာရန် အလားလာ မရှိနိုင်ဟု အတိုက်အခံ များက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို မြန်မာစစ်အစိုးရက အကြမ်းဖက်နှိမ်နင်းနေခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက် ရှုံ့ချကြောင်း လုံခြုံရေးကောင်စီ ဥက္ကဌ၏ ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်သည် အရေးယူမှု ပါသော ဆုံးဖြတ်ချက် ချ၍ မရသောကြောင့်ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)၏ ပြောခွင့် ရ ပုဂ္ဂိုလ်တဦးဖြစ်သည့် ဦးဟံသာမြင့်က ပြောသည်။
ဒီလိုကျေညာချက်ပဲ ထွက်တယ်ဆိုတာက အရေးယူမှုပါတဲ့ ဆုံးဖြတ်ချက်ချလို့မရဘူး ဆိုတာ ထင်ရှားနေတာပဲ၊ တရုတ်နဲ့ ရုရှနဲ့က ဗီတိုသုံးပယ်ချမှာ ဆိုတော့၊ ဒါပေမယ့် ဒီလို ကြေညာချက်မျိုးကိုတော့ တခါမှ မရဘူး”ဟု ဦးဟံသာမြင့်ကပြောသည်။သို့သော် အဆိုပါကြေညာချက်ကိုလက်ခံကြိုဆိုကြောင်းနှင့် အပြုသဘောဆောင်သည်ဟု ထင်မြင်ကြောင်း လည်း ၎င်းက ပြောသည်။

ပထမဆုံးအကြိမ် ဖြစ်သော လုံခြုံရေးကောင်စီဥက္ကဌ၏ ယခုထုတ်ပြန်ချက်တွင် အောက်တိုဘာလ ၂ ရက်နေ့က ချမှတ်ခဲ့ သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်ကိုလည်း လုံခြုံရေးကောင်စီ အနေနှင့် ကြိုဆိုသည်ဟု ပါရှိသည်။အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာ့အရေးကို ငြိမ်းချမ်းစွာ ပြောင်းလဲရန်အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တိုင်းရင်းသားအဖွဲ့အစည်းများပါဝင်သော စစ်မှန်သည့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်၍ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရန် မြန်မာစစ်အစိုးရကို တိုက်တွန်း ထားသည်။

မြန်မာနိုင်ငံရှေ့နေများကောင်စီမှ ဦးအောင်ထူးက မြန်မာစစ်အစိုးရ၏ ရာဇ၀တ်မှုကျူးလွန်နေခြင်းကို ကမ္ဘာ့ကုလ သမဂ္ဂ အဖွဲ့က အရေးယူဆောင်ရွက်မှုမရှိဘဲ လျစ်လျူရှုထားသည်ဟု ပြောသည်။“အခု ဖြစ်တာကိုလည်း နိုင်ငံတကာက ဒီဘက်က မကြည့်ဘူး၊ ဒါ က ရာဇ၀တ်မှု ဖြစ်နေပြီ၊ နိုင်ငံတကာ ဥပဒေနဲ့ အရေးယူ လို့ရတဲ့ အခြေအနေရောက်နေပြီ ၊ အဲဒါကို တာဝန်ရှိသူကို ထုတ်ဖော်အရေးယူပါဆိုတာကို ဂန်ဘာရီ ကိုယ်တိုင်လည်း မပြောဘူး၊ ကုလသမဂ္ဂကလည်း မပြောဘဲ လျစ်လျူရှုထားပြီး ဆွေးနွေးညှိနှိုင်းဖို့ကိုပဲ အတင်း တွန်းနေတယ်၊ ဒါက လုံးဝ ထင်ရှားနေတယ်”ဟု လည်း ဦးအောင်ထူးကပြောသည်။စစ်အစိုးရက နိုင်ငံတကာဥပဒေကို ချိုးဖောက်ကျူးလွန်နေသော်လည်း လုံခြုံရေးကောင်စီက ထောက်ပြအရေးယူ ဆောင်ရွက်ခြင်းမျိုးမရှိသည့်အတွက်လွတ်မြောက်နေကြောင်း၊ အကြမ်းမဖက်ရေးတောင်းဆိုနေရုံမျှနှင့်မြန်မာပြည် အခြေအနေ ပြောင်းလဲလာမည်မဟုတ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။“ကြည့်မယ်ဆိုရင် ဂန်ဘာရီဘက်က အားနည်းတယ်၊ လုံခြုံရေးကောင်စီကလည်း တွေ့ဆုံဆွေးနွေး ရေးကိုပဲ ဖိအားပေးနေတယ်”ဟု ဦးအောင်ထူးက ဆက်လက်၍ ဝေဖန်သည်။

ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ သည် မြန်မာနိုင်ငံသို့ စက်တင်ဘာ ၂၉ ရက်နေ့က ရောက်ရှိခဲ့ပြီး ၎င်း၏ ၄ ရက်ကြာ ခရီးစဉ် အတွင်း စစ်အစိုးရထိပ်ပိုင်း ခေါင်းဆောင်များဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ယာယီဝန်ကြီးချုပ် ဒု ဗိုလ်ချုပ်ကြီး သိန်းစိန်တို့နှင့်တွေ့ဆုံခဲ့ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း ၂ ကြိမ်တွေ့ဆုံခဲ့သည်။မစ္စတာ ဂန်ဘာရီ မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်မှာပင် စစ်အစိုးရက အကြမ်းဖက်ဖမ်းဆီးနှိပ်စက်မှုများကို ဆက်လက်၍ ပြုလုပ်နေခဲ့သည်။

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှကိုစိုးထွန်းက နိုင်ငံတကာ၏မြန်မာ့အရေးကိုအရေးယူစောင့်ကြည့်ပြောဆိုမှုများအား ကြိုဆိုသော်လည်း လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအနေနှင့် မြန်မာပြည်အရေးကို ထိရောက် လက်တွေ့ကျသည့် လုပ်ဆောင်မှုမျိုးဖြစ်စေချင်သည်ဟု ပြောသည်။

“နိုင်ငံတကာရဲ့ မြန်မာ့အရေးကို စောင့်ကြည့် ပြောဆိုမှုတွေကိုတော့ ကြိုဆိုပါတယ်၊ ဒါပေမယ့် ကျနော်တို့ မြန်မာပြည်သူ တွေအနေနဲ့ ဥပဒေရဲ့ အကာအကွယ်ကို မရဘဲနဲ့ စိုးရိမ်ထိတ်လန့်စွာနဲ့ နေထိုင်နေကြရတယ်၊ နေ့တိုင်း အဖမ်းဆီးတွေ ရှိတယ်၊ နေ့တိုင်း ညဘက်မှာ ကောင်းမွန်စွာ မအိပ်ရဘဲနဲ့ အချိန်မတော် လာရောက် ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေတယ်၊ သံဃာတော်တွအပါအ၀င် မဆိုင်တဲ့လူတွေပါ ခံနေကြရတယ်”ဟု ကိုစိုးထွန်း က ပြောသည်။

မြန်မာနိုင်ငံ၏ အခြေအနေသည် ယခုထုတ်ပြန်ချက်မျှနှင့် မလုံလောက်ကြောင်း၊ ယခုထက်လက်တွေ့ကျသည့် အရေးယူ ဆောင်ရွက်မှုမျိုးလိုအပ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။“ဒီထက် လက်တွေ့ကျတဲ့ အနိမ့်ဆုံးအဆင့် စစ်ကြောရေးစခန်းတွေမှာ သတ်ဖြတ်နေတာတွေ၊ မတရားသဖြင့် ဖမ်းနေတာ တွေ ချက်ချင်းရပ်တန့် သွားအောင်တော့ လုံခြုံရေးကောင်စီက အပူတပြင်းလုပ်ဆောင်ဖို့ လိုတယ်၊ ဒီလိုမှ မဟုတ်ရင် ထောင်ပေါင်းများစွာရဲ့အသက်တွေဟာ မမြင်ကွယ်ရာမှာ၊ အကျဉ်းထောင်တွေမှာ၊ စစ်ကြော ရေး စခန်းတွေမှာ ဆုံးရှုံးသွား နိုင်စရာ ရှိတယ်”ဟုလည်း ဦးဘိုကြည်ကပြောသည်။

လုံခြုံရေးကောင်စီဥက္ကဌ၏ ယမန်နေ့က ထုတ်ပြန်ချက်တွင် ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံး ပြန်လွှတ်ပေးရန်ကိစ္စသည်အရေးကြီးသောကြောင့် ဦးစားပေးဆောင်ရွက်ရမည့်ကိစ္စဖြစ်သည်ဟု သဘောထားကြောင်း ပါရှိသည်။

0 comments: