Saturday, September 22, 2007

ဆန္ဒပြသူများကို ဒေါ်အောင်ဆန်းစုကြည် တွေ့မြင်


ဆန္ဒပြ သံဃာတော်များနှင့် လူစုကြီးကို နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်း စုကြည်က ၁၅ မိနစ်ခန့် နေအိမ်ဝင်း အတွင်းမှ ထွက်ကြည့်ခဲ့သည်။

ဆန္ဒပြသူများက “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ။” ဟု ဆုတောင်း အော်ဟစ် ခဲ့ကြပြီး ဆက်လက် ချီတက်ခဲ့ကြရာ ယခု ဆူးလေဘုရားသို့ ရောက်ရှိနေပြီဟု သိရသည်။“ဒေါ်အောင်ဆန်း စုကြည် ထွက်လာတယ်။ အင်္ကျီအဝါလေးနဲ့ အဲဒီမှာ ၁၅ မိနစ်လောက် ဒေါ်အောင်ဆန်း စုကြည်ကို ဒေါ်အောင်ဆန်း စုကြည် ကျန်းမာပါစေ ဆိုပြီးတော့ အော်ပြီးတော့ ဆက်ပြီး လျောက်လာတာ အခု ဆူးလေဘုရားကို ရောက်ပြီး ဘုရားပေါ် တက်သွားကြပြီ။ ဒေါ်အောင်ဆန်း စုကြည် ခြံဝင်းဘက်ကနေပဲ ထွက်လာတာပေါ့။” ဟု မျက်မြင်သက်သေ တဦးက ပြောပြသည်။
ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ အရောက်တွင် ဆန္ဒပြ သံဃာတော်ပေါင်း ၂ဝဝဝ ကျော် ရှိခဲ့ပြီး ဒေါ်စုကလည်း သံဃာတော်များကို ရှိခိုး ဖူးမျှော်ခဲ့သည်။
“၁၂ နာရီ ကျော်ကျော်လောက်မှာ လှည်းတန်းကနေ တက္ကသိုလ် ရိပ်သာလမ်း ဒေါ်စု အိမ်ရှေ့ကို ဖြတ်တယ်။ ဒေါ်စုက ဘုန်းကြီးတွေကို ထွက်ဖူးမျှော်ခဲ့တယ်။ အထဲကနေပေါ့။ သံဃာထုကတော့ ၂ဝဝဝ ကျော် ရှိတယ်။ လုံခြုံရေးကတော့ ပုံမှန် အရင်အတိုင်းပဲ၊ အားလုံး အေးအေးဆေးဆေးပါပဲ။ လမ်းတွေလည်း ရှင်းထားတာ ထင်တယ်၊ ရှင်းနေတာပဲ။ ကမ္ဘာအေး ဘုရားလမ်းအတိုင်း တောက်လျှောက် လျှောက်လာတာ အခုဆူးလေမှာ ရောက်နေပြီ။ လူထုတွေကတော့ အများကြီးပဲ။ ကျနော်တို့က နောက်မှ ရောက်တာဆိုတော့ အရေအတွက်တော့ သိပ်မှန်းမရဘူး” ဟု လိုက်ပါ အားပေးနေသူ တဦးက ပြောသည်။
ဒေါ်အောင်ဆန်း စုကြည်သည် မျက်ရည်ကျခဲ့ပြီး သူလည်း မျက်ရည် ကျခဲ့ရကြောင်း သံဃာတော် တပါးက ပြန်လည် ပြောပြသည်။

0 comments: