နန်းဒေဝီ (မဇ္ဈိမ )ဗုဒ္ဓဟူးနေ့၊ ဇွန်လ 25 2008
နယူးဒေလီ။ ။ ရန်ကုန် လေဘေး ဒုက္ခသည်များအရေး သတင်းလိုက်ယူသဖြင့် လွန်ခဲ့သည့် နှစ်ပတ်က ဖမ်းဆီးခံရသူ Ecovision ဂျာနယ် သတင်းထောက် မအိမ့်ခိုင်ဦးအား အစိုးရက ကြီးလေးသော ပြစ်မှုများ တပ်၍ စွဲဆိုထားကြောင်း ထပ်မံ စုံစမ်း သိရှိရသည်။
ယနေ့တွင် စတင်၍ ရန်ကုန်တိုင်း တာမွေမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်ရသူ အသက် ၂၄ နှစ်အရွယ် သတင်းထောက် မအိမ့်ခိုင်ဦးအား အများပြည်သူ အထိတ်တလန့် ဖြစ်စေမှု ပုဒ်မ ၅ဝ၅ (ခ)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) တို့ဖြင့် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။
“တာမွေရဲစခန်းကနေ တရားရုံးကို ထုတ်လာတယ်။ ၅ဝ၅ (ခ) နဲ့  ၁၂၄ (က) ဆိုပြီး ဒီနေ့ တည်တယ်။ ပြီးတော့ ညနေပိုင်းမှာ အချုပ်ကားနဲ့ပဲ အင်းစိန်ထောင်ကို ခေါ်သွားတယ်” ဟု တရားရုံးသို့ သွားရောက်ခဲ့သူ မအိမ့်ခိုင်ဦး၏ ဆွေမျိုးတဦးက မဇ္ဈိမကို ပြောသည်။ သူက ပြည်ပ မီဒီယာ များသို့ သတင်း ထုတ်ပြန်ပေးမှုအပေါ် အာဏာပိုင်များက အညိုးထားကာ ဒုက္ခပေးမည် စိုးရိမ်သဖြင့် သူ့အမည် မဖော်ထုတ်ရန် မေတ္တာရပ်ခံ ခဲ့သည်။
ပီးခဲ့သည့် ဇွန်လ ၁ဝ ရက်နေ့က တောင်ဒဂုံမြို့နယ် ရပ်ကွက်အချို့မှ လေဘေးဒုက္ခသည် ၃ဝ ခန့်သည် စစ်အစိုးရပေးသည့် အထောက်အပံ့ နည်းပါးသဖြင့် ရန်ကုန်အခြေစိုက် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့ (အန်ဂျီအို) များထံ သွားရောက်ချဉ်းကပ် အကူအညီတောင်းစဉ် သတင်းယူရာမှ မအိမ့်ခိုင်ဦး တာမွေ ရဲစခန်းတွင် ဖမ်းဆီးထားခဲ့ကာ ယနေ့တွင် စတင်ရုံးထုတ်ခြင်း ဖြစ်သည်။
ပုဒ်မ ၅ဝ၅ (ခ) သည် ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ငွေဒဏ်၊ သို့မဟုတ် ၂ ခုစလုံး ကျခံနိုင်ပြီး၊ ပုဒ်မ ၁၂၄ (က) သည် နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြင့် ထောင်ဒဏ် နှစ် ၂ဝ အထိ ပြစ်ဒဏ် ချမှတ်နိုင်သည်။
“မိသားစုဝင်တွေကတော့ ရှေ့နေငှားဖို့ စီစဉ်မယ် ပြောတယ်။ သူကိုယ်တိုင်ကလည်း ဥပဒေနဲ့ ကျောင်းပြီးထားတာဆိုတော့ သူ့ဆရာတွေလည်း ရှိတယ်။ အခုလောလောဆယ် ဘယ်သူ့ကို ငှားထားလဲဆိုတာတော့ မသိရသေးဘူး” ဟု မိသားစုဝင်များနှင့် နီးစပ်သူက ပြောသည်။
မအိမ့်ခိုင်ဦးသည် ဥပဒေ အထူးပြု ဘာသာရပ်ဖြင့် ဘွဲ့ရပြီးသူတဦး ဖြစ်ပြီး ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် Ecovision ဂျာနယ်တွင် သတင်းထောက် လုပ်ငန်းသက် ၂ လခန့်သာ ရှိသေးသည်။
အန်ဂျီအိုထံ သွားရောက် အကူအညီ တောင်းသည့် ဒုက္ခသည်အချို့ကို လုံခြုံရေး တပ်ဖွဲ့ဝင်က ခေတ္တဖမ်းဆီးပြီးနောက် အချို့ကို ပြန်လွှတ်ပေးခဲ့ ကြောင်း သိရသည်။
၂ဝဝ၆ ခုနှစ် စက်တင်ဘာလတွင် စတင်ထုတ်ခဲ့သည့် စာမျက်နှာ ၄၈ မျက်နှာရှိပါ Ecovision အပတ်စဉ်ထုတ် ဂျာနယ်သည် ယခင်က စီးပွားရေး ကဏ္ဍကိုသာ အသားပေး ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် ပြည်တွင်းနှင့် နိုင်ငံတကာအပြင် ကျန်းမာရေး သတင်း၊ ဆောင်းပါးများကိုပါ ထည့်သွင်းရေးသား ထုတ်ဝေသည့် မဂ္ဂဇင်းပုံစံ အပတ်စဉ်ထုတ် ဂျာနယ်ဖြစ်သည်။
No comments:
Post a Comment