မြန်မာနိုင်ငံရဲ့ အရေးဟာ ထင်ထားတာထက် အများကြီး ခက်ခဲနက်နဲ တယ်လို့ ပြောရမှာပါ။ ဆွေးနွေးကြ သုံးသပ်ကြ အမြင်အမျိုးမျိုး ရှုထောင့် အမျိုးမျိုးက တင်ပြနေကြတာတွေလည်း ရှိခဲ့ ရှိနေ နောင်လည်း ရှိနေကြရဦးမှာပါ၊
အဖိနှိပ်ခံ ပြည်သူတွေကတော့ အာဏာရှင်စံနစ် ချုပ်ငြိမ်းရေး တိုက်ပွဲမှာ မအောင်မြင်သေးပါဘူး။ ဘယ်တော့ အောင်မြင်မလဲ ဆိုတာလည်း ဘယ်သူမှ နီးနီးစပ်စပ်တော့ မပြောနိုင်သေးပါဘူး ။ အာဏာရှင် စံနစ်ဆိုတာကလည်း အမြစ်ပြတ်ဖို့ သမိုင်းနဲ့ချီပြီး ကြာတတ်တာ မဟုတ်ပါလား။ပြည်သူမှာတော့ ပိုပြီး နင်းပြားဘ၀ကို ရောက်လာခဲ့တဲ့အပြင် ဘာဥပဒေမှ မရှိတဲ့ စနစ်ဆိုးရဲ့အောက်မှာ လူစဉ်မမီအောင် အဖက်ဖက်က နိမ့်ပါးလာခဲ့တယ်။
မဆလ တပါတီခေတ်က နေ၀င်းနဲ့ အခု နအဖ သန်းရွှေဟာ ကိုယ်ရည်ကိုယ်သွေး အင်မတန်ညံ့ဖျင်းပြီး စိတ်ဓာတ် မူမမှန်တဲ့အပြင် ပြည်သူတွေ အပေါ်မှာစေတနာ မရှိဘူး ။ နိုင်ငံတခုထဲမှာ စစ်တပ်ဆိုတဲ့ နိုင်ငံတစ်ခု တည်ဆောက်ပြီး လက်နက်နဲ့ လူထုကို ဖိနှိပ်ဖို့ အကွက်ကျကျ စီစဉ် ထားတယ်။ စစ်တပ်ထဲမှာ သူ့သြဇာခံမယ့်သူကို ရာထူး အာဏာ ငွေ အခွင့်အရေး အမျိုးမျိုးပေး သိမ်းသွင်းထားတယ်။ဒီနေ့ ပြည်သူတွေ မျှော်လင့်နေတဲ့ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ စနစ်ကိုရဖို့ ရွှေပြည်တော် မျှော်တိုင်းဝေး နက်ဖြန် သို့မဟုတ် ဘယ်သောအခါ၊ ကမ္ဘာဦးက နေနဲ့လကို မျှော်ရသလို Mission Impossible လိုများ ဖြစ်နေမလား တောင်တွေးမိပါရဲ့။
၁၉၈၈ ဒီမိုကရေစီတိုက်ပွဲနဲ့ အခု ၂၀၀ရ လူထုနဲ့ သံဃာ ဆန္ဒပြ တောင်းဆိုမှုပြုကြတဲ့ ကြားမှာ အနှစ်၂၀ လောက် ကြာခဲ့ပါတယ်။ လုံလောက်တဲ့ အချိန်တခု အတွင်းမှာ ကျွန်မတို့ သာမန်ပြည်သူတွေ ဘာတွေ တွေးလို့ ဘာတွေ လုပ်ကိုင်နေခဲ့ ကြပါသလဲ။ နေ့စဉ် လူမှုဘ၀တွေ ကြားမှာ ရှင်သန်အောင် လုပ်ရင်း အချိန်တွေသာ ကုန်လာခဲ့ကြတယ်။ ချမ်းသာတဲ့ သူတွေနဲ့ ကုန်သည်တွေကလည်း သူတို့ စီးးပွားရေး အင်ပါယာ ချဲ့ဖို့ နဲ့ ကားစီး တိုက်ဆောက်ဖို့ ဗိုလ်ချုပ်တွေနဲ့ အပေးအယူ လုပ်ကြတယ်။ သာမန် လက်လုပ်လက်စားနဲ့ အခြေခံ လူတန်းစားကတော့ ဆင်းရဲဒုက္ခတွေ ကြားမှာ ပညာအခြေခံ မရှိလို့ အတွေးအခေါ် မရှိကြရတဲ့ အထဲမှာ နအဖ က စနစ်တကျ အမှောင်ချထားတော့ ဘာမှ မသိကြဘူး ။ လူဦးရေ အများစုက ဗုဒ္ဓဘာသာပီပီ မရှိမဲ့ ရှိမဲ့ လေး လှူဒါန်းပြီး ၁၂ ရာသီပွဲတော် လေးတွေနဲ့ ရိုးရာစဉ်လာမပျက် ဘ၀နေထိုင်မှု ပုံစံလေးတွေနဲ့ နေကြရရင်ပဲ ကျေနပ် နေကြတာပါ။ တခါတခါ စဉ်းစားကြည့်မိတယ်။ မြန်မာပြည်သူတွေဟာ ကိုယ့်ကိုကိုယ် Military Rule စစ်အာဏာရှင် အောက်မှာ နေကြရတာကို သာမန်လူ မဆိုထားနဲ့ ပညာတတ် လူလတ်တန်းစား အလွှာတွေတောင် သတိထားမိကြပုံ မပေါ်ပါဘူး။ တကယ်တော့ ဒါဟာမဖြစ်သင့်ပါ။
ဒါပေမယ့် ဒီအနှစ် ၂၀လောက် အချိန်အတွင်းမှာ psychology warfare စိတ်ဓာတ်စစ်ဆင်ရေးက အတွေ့အကြုံ နဲ့ ကျွမ်းကျင်မှုတွေ ရှိထားတဲ့ ဗိုလ်သန်းရွှေကတော့ ဒီအတိုင်း မနေပါဘူး။ စစ်တပ်ကို လက်ကိုင်တုတ်လို စေလိုရာ စေနိုင်ဖို့ စနစ်တကျ တိုးချဲ့ ဖွဲ့စည်းပြီး စိတ်ဓာတ်တွေကိုလည်း သူ့သစ္စာခံ တပ်ဖြစ်အောင် ပုံစံသွင်းထားတာမို့ တပ်မတော်သားတွေ ဒီမိုကရေစီဘက်ကို ကူးပြောင်းဖို့ ဆိုတာလည်း လက်တွေ့မှာတော့ မဖြစ်နိုင်သေးပါ။ အစိုးရယန္တရားရဲ့ မောင်းနှင်အားဖြစ်တဲ့ ၀န်ထမ်းတွေကိုလည်း ကိုင်တွယ်ရ လွယ်အောင် ဝေးလံတဲ့ဒေသ နေပြည်တော်မှာ ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ် ထားလိုက်ပါပြီ။ တော်ရုံတန်ရုံနဲ့တော့ ၀န်ထမ်းလောကကို ထိုးဖောက်ဖို့ မလွယ်ကူပါ။အဲဒီတော့ ကျွန်မတို့ ပြည်သူတွေ အရင်လိုပဲ အမှုမဲ့ အမှတ်မဲ့ နောင်နှစ်ပေါင်းများစွာ ကြာတဲ့အထိ နေကြဦးမလား။တနေ့တခြား ပိုပိုပြီး စားဝတ်နေရေး ကြပ်တည်းမှုနဲ့ လူချင်းမတူ သူချင်းမမျှ လူသားဂုဏ်သိက္ခာ ရယ်လို့ မရှိတော့ဘဲ အခြေခံအကျဆုးံ အသက်ရှင်ခွင့်တောင် မရေရာတဲ့ ဘ၀တွေနဲ့ ဘယ်အထိ လူလူချင်း ကျွန်ပြု အုပ်ချုပ်တာ ခံကြရဦးမလဲ။ အဖြေကတော့ ဝေးနေဆဲပါ။အဲဒီတော့ ကျွန်မတို့ ပြည်သူတွေ ဒီအတိုင်းတော့ မနေကြပါနဲ့တော့။ ကိုယ့်ကို ဂုတ်သွေးစုတ်နေတဲ့ မိစ္ဆာတွေကို အပြီးတိုင် မဖယ်ရှားနိုင် သေးခင်မှာတော့ ရနိုင်သလောက် အင်အားတွေ နည်းတွေနဲ့ အခြေနေပေးရင် ပေးသလို လှုပ်ရှားကြပါ။ ပြည်သူတွေ မအေးချမ်းသလို သူတို့ဘ၀တွေလည်း အမြဲပူလောင် နေစေအောင် တိုက်ပွဲပုံ သဏ္ဍာန် မျိုးစုံနဲ့ လှုပ်ရှားကြရပါစို့်။ စားသာ စားနေရပေမယ့် လည်ချောင်းထဲမှာ အရိုးစူးနေအောင် လုပ်တဲ့ ပုံစံမျိုးပေါ့။ ပြည်ပက ဒီမိုကရေစီ လှုပ်ရှားသူများကလည်း ပြည်တွင်းနဲ့ အဆက်မပြတ်စေဘဲ အထဲက အခြေအနေမှန်တွေကို ကမ္ဘာကသိအောင် လုပ်ကြရမယ်။ သူလုပ်နေလို့ ငါလုပ်မှ ဆိုတာတွေလဲ မေ့ထားလိုက်ကြပါ ။ ငိုတတ်တဲ့ ကလေးမှ နို့ စို့ရတာပါ။ ကိုယ့်အခွင့်အရေးကို ကိုယ်တိုင် တိုက်ယူမှရမှာ ဖြစ်ပါတယ်။ဒီနေ့ခေတ်မှာ ကိုယ့်ပြည်သူကို ချောင်ပိတ်ရိုက်လို့ ရအောင် ကမ္ဘာကြီးက မကျဉ်းမြောင်းတော့ဘူး ဆိုတာတော့ ရူးချင်ယောင် ဆောင်နေတဲ့ ဗိုလ်သန်းရွှေ မသိလို့လား။ လွတ်လပ်မှုကို မြတ်နိုးတဲ့ ကမ္ဘာ့ပြည်သူတွေရဲ့ အားပေး ထောက်ခံမှုတွေ စဉ်ဆက်မပြတ်ရအောင် ပြည်တွင်းပြည်ပ နည်းမျိုးစုံနဲ့ မနေမနား ကြိုးပမ်းနေကြဖို့ အရေးကြီးပါတယ်။သာမန်ပြည်သူတွေကလည်း ခုလို သတင်းခေတ်ထဲမှာ နောက်မကျအောင် နိုးနိုးကြားကြားနဲ့ နေကြဖို့လိုပါတယ်။ ရနိုင်သလောက် သတင်းစုတာမျိုး သတင်း ဖလှယ်တာမျိုးတွေလည်း လုပ်ကြဖို့လိုပါတယ်။အာဏာရှင်စနစ်ကို တိုက်ဖျက်တဲ့နေရာမှာ စေ့စပ်ရေးနည်း၊ သံတမန်နည်းတွေကို အကြွင်းမဲ့ အားထားလို့ မရပေမယ့် ရေဆုံးရေဖျား အထိတော့ လိုက်ရဦးမှာ ဖြစ်ပါတယ်။ တပြိုင်နက်တည်းမှာလည်း အချိန်တခုမှာ တော်လှန်ရေးတရပ်ကို ဆင်နွှဲဖို့ ပြည်သူအားလုံး ပြင်ဆင်ကြရမယ်လို့ ယုံကြည်မိပါကြောင်း။
မြန်မာပြည်သူတို့ရဲ့ လွတ်လပ်ရေးတိုက်ပွဲ အောင်ရမည်။
မနှင်းစု
No comments:
Post a Comment